ထောင်ဆူပူမှုများနောက်ကွယ်၌ လှုံ့ဆော်မှုများ ရှိနေဟု အစိုးရထုတ်ပြန်

ထောင်ဆူပူမှုများနောက်ကွယ်၌ လှုံ့ဆော်မှုများ ရှိနေဟု အစိုးရထုတ်ပြန်
ဆူပူမှု ဖြစ်ပွားခဲ့သည့် ရွှေဘိုထောင်အား မေလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် တွေ့မြင်ရစဉ်။  ဓါတ်ပုံ-  KMT

ရန်ကုန် ၊ မေ ၁၀ ။      ။ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များနှင့်ပတ်သက်၍ ကျေနပ်ခြင်းမရှိဟုဆိုကာ အကျဉ်းထောင် ၇ ခုမှ ဆူပူမှုများ ဖြစ်ပွားခဲ့ရာ ၎င်းဆူပူမှုများသည် ချိတ်ဆက်မှု နှင့် သွေးထိုးလှုံဆော်မှုများ ရှိနေသည်ဟု အစိုးရက မေလ ၉ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

 “ဆူပူမှုများနှင့် ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေး ဆောင်ရွက်သွား မည်” ဟု သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

ကလေး၊ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ သာယာဝတီ နှင့် ပုသိမ်အကျဉ်းထောင်တို့တွင် မေလ ၈ ရက်နှင့် ၉ ရက်တို့၌ အကျဉ်းသားများက ဆူပူဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ယင်းဆူပူများ၏ နောက်တွင် လှုံဆော်မှုများ ရှိနေပြီး တိတိကျကျ စစ်ဆေးသွားမည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

ဆူပူမှု ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများ၏ တောင်းဆိုချက်များသည် ထပ်တူထပ်မျှ ဖြစ်နေပြီး ထောင်အတွင်းမှ လက်ကိုင်ဖုန်းများဖြင့် လူမှုကွန်ရက်ပေါ်တွင် Live လွှင့်တင်ခဲ့ခြင်းများ ရှိနေခဲ့သည်။ ယင်းအတွက်ကြောင့် ဆူပူမှုများသည် ချိတ်ဆက်မှုများ သွေးထိုးလှုံဆော်မှုများ ရှိနေသည်ဟု သုံးသပ်ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခင်နှစ်က လွှတ်ပေးခဲ့သော လွတ်ငြိမ်းတွင် ပြစ်မှုပြစ်ဒဏ်နှင့်အကျဉ်းသားအရေအတွက် အတိအကျ ပါဝင်သော်လည်း ယခုနှစ်တွင် ယင်းကဲ့သို့ မည်သည့်အကျဉ်းသားများဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမျိုး မရှိပေ။

အကျဉ်းဦးစီးဌာန၌ ထောင်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အငြိမ်းစားယူခဲ့သည့် ဦးခင်မောင်မြင့် က ထောင်ဆူပူမှုများသည်သမ္မတရုံးမှ ပေးသည့် လွတ်ငြိမ်းသက်သာခွင့်အား အကျဉ်းသားများက နားလည်သဘောပေါက်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟု မဇ္စျိမသို့ ပြောဆိုထားသည်။

“အကျဉ်းသားလွှတ်ပေးတဲ့မူကို ပွင့်လင်းမြင်သာစွာ ရှင်းပြရမယ်။ အခု သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်အရ လွတ်သွားတဲ့သူတွေဟာ ဒီမူအရ ရွေးချယ်ထားတဲ့သူတွေဖြစ်တယ်။ ဒီမူနဲ့ ညီညွတ်လို့ လွတ်မြောက်သွားတဲ့သူ တွေ ဖြစ်တယ်။ ဒါကို ရှင်းပြရမယ်။ ကျန်နေတဲ့သူတွေက မူနဲ့ မကိုက်ညီလို့ ကျန်နေခဲ့တာဖြစ်တယ်လို့ သေသေချာချာ ရှင်းပြရမယ်” ဟု ၄င်းက ဆိုသည်။

အကျဉ်းထောင်ဆူပူမှုဖြစ်စဉ်များမှာ မေ ၈ ရက် ညနေပိုင်းမှစတင်ဖြစ်ပွားသည့် ရွှေဘိုထောင်တွင်းဆန္ဒပြ ဆူပူမှုသည် ညပိုင်းတွင် သေနတ်များ ပစ်ခတ်ပြီးလူစုခွဲရသည်အထိ အရှိန်မြင့်တက်ခဲ့သည်။

ရွှေဘိုထောင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်ပစ်ဖောက်လူစုခွဲမှုကြောင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ရပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က မေ ၉ ရက်တွင် အတည်ပြုပြောဆိုထားသည်။

ယင်းနောက် မေလ ၉ ရက်တွင် ရွှေဘိုထောင်တွင်း၌ ဆူပူမှုများ ဆက်လက်အရှိန်မြင့်တက်နေခြင်းကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ လုံခြုံရေးယူပေးခဲ့ပြီး မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ရသည်။

ရွှေဘိုအကျဉ်းထောင်သာမက မော်လိုက်၊ ကလေး၊ သာယာဝတီ၊ ပုသိမ်၊ ဘားအံ၊ မြစ်ကြီးနား အစရှိသည့် အကျဉ်းထောင်များတွင်လည်း ဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့သော်လည်း ရွှေဘိုအကျဉ်းထောင်ကဲ့သို့ ပစ်ခတ် လူစုခွဲမှုမျိုး မရှိခဲ့ပေ။

နိုင်ငံတော်သမ္မတက ၂၀၁၉ ခုနှစ်တွင် မြန်မာနှစ်သစ်ကူးကာလအထိမ်းအမှတ်အနေဖြင့် လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ် ပေးခဲ့ပြီးနောက် အကျဉ်းသားပေါင်း နှစ်သောင်းကျော်အား နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၁၇ တွင် အကျဉ်းသား အကျဉ်းသူပေါင်း ၉၅၃၅ ဦး နိုင်ငံခြားသား ၁၆ ဦး ၊ ဧပြီ ၂၆ တွင် အကျဉ်းသား၊ အကျဉ်းသူပေါင်း ၆၉၄၈ ဦး နှင့် မေ ၇ တွင် ၆၅၂၀ ဦး စုစုပေါင်း ၂၃၀၂၉ ဦးကို နိုင်ငံတော်သမ္မတက  လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly