ငွေကြေးဖောင်းပွမှုကြောင့် အခြေခံလူတန်းစားများ အတွက် အကျပ်အတည်းဖြစ်နိုင်ဟု ကမ္ဘာ့ဘဏ် ပညာရှင် သတိပေး

ငွေကြေးဖောင်းပွမှုကြောင့် အခြေခံလူတန်းစားများ အတွက် အကျပ်အတည်းဖြစ်နိုင်ဟု ကမ္ဘာ့ဘဏ် ပညာရှင် သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၆။                ။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက အတက်ဘက်သို့ ဦးတည်နေရာ အခြေခံလူတန်စားများအတွက် အကျပ်အတည်း ဖြစ်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ အကြီးတန်း စီးပွားရေးပညာရှင် ဟာဘိရဘ်က မဇ္ဈိမကို ပြောသည်။

“ဆင်းရဲသား ပြည်သူတွေကို ပိုပြီးဆိုးရွား သွားစေမှာပါ၊ သူတို့ရဲ့ ဝင်ငွေတွေကို မျှေ၀ သုံးစွဲတဲ့နေရာမှာ အကျပ်အတည်းတွေ ဖြစ်လာမှာပါ။ နေ့စဉ်လိုအပ်တဲ့ အစားအစာတွေ ဝယ်ယူတဲ့နေရာမှာ၊ ပြီးတော့ ကျန်းမာရေး အသုံးစားရိတ်တွေနဲ့ အခြေခံ အသုံးစားရိတ်တွေမှာ ပိုပြီးတော့ မျှေ၀ သုံးစွဲသွားရမှာပါ၊ ဒါက အဆိုးဘက်ကို ဦးတည်နေတဲ့ တိုက်ရိုက် သက်ရောက်မှုတွေဖြစ်လာမှာပါ”ဟုမဇ္ဈိမကို ပြောသည်။

အလားတူ နောက်ထပ် အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအပေါ် မသေချာ မရေရာမှုများကို ဖြစ်ပေါ်စေနိုင်ပြီး ငွေကြေးဖောင်းပွခြင်း၏ ဆိုးကျိုးများ ဆက်လက် ဖြစ်ပေါ်လာနိုင်ဟုလည်း သူက ဆိုသည်။

ငွေကြေး ဖေါင်းပွမှုသည် အစိုးရနှင့် တိုက်ရိုက်ပတ်သက်သည့် အခြေအနေရှိနေပြီး အစိုးရတစ်ရပ်သည် ဘဏ္ဍာရေး လိုငွေ ပြပါက ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရန် မသင့်ဟုလည်း သူက သတိပေးခဲ့သည်။

“ငွေကြေး ဖောင်းပွမှုတွေက အစိုးရနဲ့ တိုက်ရိုက်ပတ်သတ် နေတဲ့အပိုင်းလည်း ရှိပါတယ်။ ဘတ်ဂျက် လိုငွေပြတဲ့အခါ ငွေစက္ကူတွေ ရိုက်နှိပ်ပြီး ဘဏ္ဍာငွေ ပြန်လည်ဖြည့်ဆည်း တာမျိုးကို သတိထားရမှာပါ။ ငွေကြေးဆိုင်ရာ မူဝါဒ(Monetary Policy)၊အစိုးရ အသုံးစားရိတ်တွေကို ခွဲဝေသုံးစွဲတာတွေကို ချင့်ချိန် စဉ်းစားရမှာပါ”ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှု(Inflation Pressures)သည် ၂၀၁၄ခုနှစ်၊ နှစ်ဝက်ကာလတွင် တည်ငြိမ်နေခဲ့ရာမှ ထိုနှစ်၏ နိုဝင်ဘာလအရောက်တွင် ပြန်လည်မြင့်တက်လာခဲ့ပြီး ၂၀၁၅ခုနှစ်၊ ဇူလိုင်လတွင် ငွေကြေးဖောင်းပွမှုသည် ၁၀ရာခိုင်နှုန်းအထိဖြစ်လာခဲ့သည်။

နယ်စပ်နှင့် ပြည်ပနိုင်ငံများမှ တင်သွင်းသော အစားအစာ အမျိုးအစားများက ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်နှင့် ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ အစောပိုင်း ကာလများတွင် မြန်မာနိုင်င ံငွေကြေးဖောင်းပွမှု၏ အဓိကမောင်းနှင် အားဖြစ်ခဲ့သည်ဟုကမ္ဘာဘဏ်၏ အောက်တိုဘာ လဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သော မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ-၂၀၁၅တွင် ဖော်ပြထားသည်။

ထို့အပြင် ဇူလိုင်လအတွင်း စတင်ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ နေရာအနှံ့ အပြား ရေကြီးရေလျှံမှု တွေကြောင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့သလို ဆန်စပါးကဲ့သို့ အခြေခံစား သောက်ကုန်ဈေးနှုန်း မြင့်တက်ခဲ့မှုများသည် ငွေကြေးဖောင်းပွခြင်း ဖြစ်တည်ရာ အစိတ်အပိုင်းများ ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီ မြှုပ်နှံမှုဝင်ရောက်မှု၏ ကနဦးရလာဒ်ကောင်းများ စတင်ရရှိ ခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆက်သွယ်ရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့သည် တိုင်းပြည် အခွန်ငွေအတွက် သိသာထင်ရှားသော တိုးတက်မှုကို ဖြစ်စေခဲ့သည်။

ထိုနှစ်အတွက် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၆.၃ရာခိုင်နှုန်းတွင် ရှိခဲ့သည်။ ထို့နောက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အကုန်ဖြစ်သည့် မတ်လတွင် ငွေကြေးဖောင်းပွမှု ၇.၅ရာခိုင်နှုန်း အထိပြန်လည် မြင့်တက်ခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တိုးတက်မှု ၈.၅ရာခိုင်နှုန်း ရှိခဲ့ပြီး ငွေကြေးဖောင်းပွမှုက ၁၀ရာခိုင်နှုန်းတွင် ရှိနေသည်။ အခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၆.၅ရာခိုင်နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ၁၁.၃ ရာခိုင်နှုန်း အထိရှိလာမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်ခြင်း အစီရင်ခံစာ-၂၀၁၅တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly