နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မကွေးလူထုတွေ့ဆုံပွဲတွင် တင်ပြ/တိုင်ကြားစာ၂၀၀ ကျော်ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မကွေးလူထုတွေ့ဆုံပွဲတွင် တင်ပြ/တိုင်ကြားစာ၂၀၀ ကျော်ရှိ
ဓာတ်ပုံ-အတိုင်ပင်ခံရုံး

မကွေး၊ မေ ၁၀ ။    ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မကွေးတိုင်းဒေသကြီးပြည်သူလူထုတွေ့ဆုံပွဲကို မေ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ တင်ပြစာ/တိုင်ကြားစာပေါင်း၂၀၉ စောင် တင်ပြထားကြောင်း တင်ပြစာလက်ခံရေးဌာနမှ သိရသည်။

အဆိုပါတင်ပြစာများကို မေ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှ စတင်လက်ခံပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မကွေးတိုင်းဒေသကြီးပြည်သူလူထုနှင့်တွ့ဆုံပွဲအပြီးအထိ တင်ပြစာများ လက်ခံခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် လေးတိုင်ဆင်အုပ်စု လေးတိုင်ဆင်ကျေးရွာနေ ဦးစံမျိုးက" ကျွန်တော်တို့က တိုင်စာ ပေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လေးတိုင်ဆင်ကျေးရွာအုပ်စုထဲမှာပါတဲ့ ကြာကန်ကျေးရွာမှာ နှစ်စဉ်နွေရာသီ ရောက်တိုင်း သောက်သုံးရေး ရှာပါးပြတ်လပ်တဲ့အတွက် စက်ရေတွင်းလေး ဆောင်ရွက်ပေးနိုင်ရေးအတွက် တင်ပြစာ ပေးပို့တာပါ။ အမေစုနဲ့ လူထုတွေ့ဆုံပွဲခရီးစဉ်မှာပါ” ဟု ပြောသည်။

မကွေးတိုင်းအတွင်းရှိ အချို့ဒေသခံများကမူ တင်ပြစာမဟုတ်ဘဲ တိုင်ကြားစာပေးပို့ခဲ့သည်ဟု ဆိုသည်။

"ကျောက်စံကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ ပြည်သူအများမဲပေးရွေးချယ်ပြီး အနိုင်ရသူ အုပ်ချုပ်ရေးမှူးကို အပြစ်မရှိဘဲ တာဝန်ကရပ်စဲထားတဲ့အပေါ် မကျေနပ်တဲ့အတွက် ကျေးရွာသူ၊ ကျေးရွာသား တွေ စုပေါင်းတိုင်ကြားတာ ဖြစ်ပါတယ်” ဟု မင်းဘူး စကုမြို့နယ်ကျောက်စံကျေးရွာမှ မစန်းပိုင်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မကွေးခရီးစဉ်တွင် တင်ပြစာလက်ခံရေးဌာန၌ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ အဆင်မပြေသည့်ပြသနာ၊ ပိုင်ရှင်မသိဘဲ မြေယာပုံစံခွန်ထုတ်ပေး သည့်ပြသနာ၊ ကျေးရွာများတွင် မီးလင်းရေးကော်မတီအရှုပ်အရှင်းပြသနာ အစရှိသည်တို့ကို အများဆုံး တိုင်ကြားကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ မေ ၉ ရက်နေ့ နံနက်ပိုင်းက မကွေးသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ရွှေစက်တော်သို့ လာရောက်ဖူးမြော်ခဲ့ကာ ညနေပိုင်းတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly