ဘင်္ဂလားဒေ့ရှ်လေယာဉ် မတော်တဆမှုတွင် ထိခိုက်သူများ ကျန်းမာရေးကောင်းမွန်၊ စိုးရိမ်ရသူမရှိဟု ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်လေယာဉ် မတော်တဆမှုတွင် ထိခိုက်သူများ ကျန်းမာရေးကောင်းမွန်၊ စိုးရိမ်ရသူမရှိဟု ထုတ်ပြန်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

မေ ၉ ။    ။ ဘင်္ဂလားဒေ့ရှ်လေယာဉ်မတော်တဆမှုတွင် ပါဝင်သော လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ပြီး တစ်ဦးတစ်ယောက်မှ အသက်အန္တရာယ်မရှိကြောင်း အာယုဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာသန်းထွဋ်ဦး က ပြောသည်။

ယနေ့ မေ ၉ ရက်က တာမွေမြို့နယ်ရှိ ယင်းဆေးရုံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က လေယာဉ်မတော်တဆမှုအတွင်း လူနာ ၁၇ ဦးကို လက်ခံကုသပေးနေပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦး၊ တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာ ၂ ဦး၊ အိန္ဒိယ ၁ ဦးတို့ ပါဝင်ကာ ခါးရိုးထိခိုက် လူနာ ၆ ဦး၊ ဦးခေါင်း ထိခိုက် လူနာ ၂ ဦး၊ အခြားအသေးစားလူနာ ၉ ဦးတို့ ပါဝင်၍ လက်ရှိအချိန်တွင် ယင်းဆေးရုံမှ အထူးကုဆရာဝန်ကြီးများဖြင့် ကုသနေသည်။

ဘင်္ဂလားဒေ့ရှ်လေကြောင်း လိုင်း BG-060 သည် မေ ၈ ရက် ညနေ ၆ နာရီ ၂၂ မိနစ်မှာ ပြေးလမ်းမှာ ဘီးချော်ခဲ့မှု ဖြစ်ပွားခဲ့ပြီး လေယာဉ်ရှေ့ဘီး၊ တောင်ပံနှစ်ဖက်နှင့်လေယာဉ်၏ ရှေ့တံခါးပေါက်နှင့်တောင်ပံအကြား လေယာဉ်ကိုယ်ထည် နေရာ ကျိုးပဲ့သည်။

ခရီးသည် ၂၉ ယောက် ပါဝင်ပြီး လေယာဉ်အမှုထမ်း ၆ ဦးပါဝင်ကာ ပြေးလမ်းချော်ကာ လေယာဉ် ၃ ပိုင်း ကျိုးခဲ့ခြင်းဖြစ်သည်။ ယင်းမှ ထိခိုက်ဒဏ်ရာရသူများကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ယင်းမှ တဆင့် အာယုဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလူနာများအတွက် ကုန်ကျစရိတ်ကို လေကြောင်းလိုင်းမှ ကျခံပေးခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly