ဓာတ်အားခ နှုန်းထားများ မကြာခင် တိုးမြှင့် ကောက်ခံတော့မည်

ဓာတ်အားခ နှုန်းထားများ မကြာခင် တိုးမြှင့် ကောက်ခံတော့မည်
ဓာတ်ပုံ - EPA

နေပြည်တော်၊ မေလ ၉ ။                           ။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ နေ့စဉ် ၁.၅ဘီလီယံခန့် နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲနေရသည့်အတွက် မကြာခင် ကာလအတွင်း ဓာတ်အားခ နှုန်းထားများကို တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

“ဒီဓာတ်အားခ စနစ်နဲ့သာဆိုရင် ခုမီးမရဘူး Generator တွေမရှိဘူးဆိုတာ IPP ခေါ်တဲ့ Independent Power Producer တွေကလည်းမလာပါဘူး။ ဘာလို့ မလာလဲဆိုတော့ ဓာတ်အားခပေးတဲ့ အခါမှာ ၃၅ကျပ် ၊ ၅၀၊ ၇၅ စက်မှုဆိုရင် ဒီလိုနှုန်းနဲ့ပဲ ကျွန်တော်တို့ သူတို့တောင်းတဲ့ ၁၅ဝတို့ ၂ဝဝတို့ မပေးနိုင်တဲ့ အတွက် IPPတွေကလည်း အဆင်မပြေပါဘူး။ မပြေတဲ့ အခါ ကျွန်တေ်ာတို့က ဒီအပေါ်မှာ ရှုံးတာလည်းရှိတဲ့အတွက် ဓာတ်အားခကို မဖြစ်မနေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်”ဟု ၄င်းကပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနတွင် မေလ ၉ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 ပြောင်းလဲကောက်ခံမည့် နှုန်းထားအသစ်ကို သိရှိရခြင်းမရှိသေးသော်လည်း နိုင်ငံတော်အကြီးအကဲများထံမှ မူအရ သဘောတူလက်ခံထားပြီးဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆက်လက်ပြောကြားခဲ့သည်။

 “အဲ့တော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ မူအရတော့ နိုင်ငံတော် အကြီးအကဲတွေက မူအရတော့ လက်ခံထားပါတယ်။ အဲ့တော့ မကြာခင်မှာတော့ ဒီဟာ ဓာတ်အားခ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်မယ်။ ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ခုလောလောဆယ်တော့ ကျွန်တေ်ာတို့က ဘက်ဂျက်ကာလကလည်း ပြောင်းသွားပြီ။ စက်တင်ဘာဆိုတော့ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ချင့်ချိန်နေပါတယ်။မကြာခင်မှာ တရားဝင်ထုတ်ပြန်ပြီးတော့ ကြေညာသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ၄င်းကဆက်လက်ပြောကြားသည်။

ယခုနှစ်နွေရာသီတွင် တစ်နိုင်ငံလုံးအပူချိန်မြင့်မားခဲ့သောကြောင့် လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာကြပြီး လျှပ်စစ်ဝန်အားလျော့ချသည့်စနစ်ဖြင့် ဖြန့်ဖြူးပေးလျှက်ရှိကြောင်း အဆိုပါစနစ်ကို ယခုနှစ် ဇွန်လခန့်အထိ လုပ်ဆောင်နေရမည်ဖြစ်ကြောင်း သိရသည်။

 ထိုကဲ့သို့ နှုန်းထားကို ပြောင်းလဲကောက်ခံမည်ဆိုပါက မီးရရှိထားသော နေရာများတွင် ၂၄နာရီမီးဖွင့်ထားခြင်း၊ TVများကို မကြည့်ပဲ ဖွင့်ထားခြင်းတို့ကို လုပ်ဆောင်ခြင်းများကို လျော့ချလာမည်ဖြစ်ပြီး ဝန်အားလျော့ကာ ပေးရသည့် အဆင့်များ သက်သာသွားမည်ဖြစ်ကြောင်း ဦးတင်မောင်ဦးက ပြောကြားခဲ့သည်။

 လာမည့်နှစ်နွေရာသီတွင် ယခုကဲသို့ ဓာတ်အားပြတ်တောက်ခြင်းမျိုး လျော့ချရန်အတွက် လျှပ်စစ်ဓာတ်အား စုစုပေါင်း ၁၄၀၀ မဂ္ဂါဝပ်ခန့် ထွက်ရှိမည့် Power Berth ပါရှိမည့် သင်္ဘောကြီးများဖြင့် ဓာတ်အား ဖြန့်ဖြူးရန် ပင်လယ်ဆိပ်ကမ်းနှင့် အနီးဆုံး မြို့ ၈ မြို့တွင် လုပ်ဆောင်သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

 “ရေအားလျှပ်စစ်ဆိုတာလည်း ၈နှစ်လောက်လုပ်ရပါတယ်။ Gas တာဘိုင်တစ်ခုကို ကျောက်မီးသွေးလို လုပ်ရမယ်ဆိုရင် ၃နှစ် ဆိုတာ အနည်းဆုံးလုပ်ရပါတယ်။ အဲ့တော့ Gas အင်ဂျင်တွေကို Power Berth တွေနဲ့ အမြန် ပင်လယ်ဆိပ်ကမ်းမြို့တွေမှာ အနီးဆုံးမြို့နေရာတွေမှာ အဲ့ဒီနေရာတွေကနေ ရပ်ပြီးတော့ တစ်ခါတည်း သူ့အပေါ်မှာ အကုန်ပါပြီးသားပါ။ ထရန်စဖော်မာလည်း ပါပြီးသားပါ။ လိုင်းခွဲရုံကို ချိတ်ဆက်တဲ့ နည်းနဲ့ အမြန်ဆုံး ပေးတဲ့ ဟာကို တင်ဒါခေါ်ဖို့ အဲ့တာကို စတင်ဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်အမှီပေါ့”ဟု ၄င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly