ငွေကြေးသက်သက်မဟုတ်ဘဲ ပိုင်ဆိုင်သမျှ အရာအားလုံး သားဖြစ်သူ အောင်ဒီးအတွက် အမွေပေးခဲ့ချင်သည့် အောင်လအန်ဆန်

ငွေကြေးသက်သက်မဟုတ်ဘဲ ပိုင်ဆိုင်သမျှ အရာအားလုံး သားဖြစ်သူ အောင်ဒီးအတွက် အမွေပေးခဲ့ချင်သည့် အောင်လအန်ဆန်

မြန်မာနိုင်ငံဂုဏ်ဆောင် မြန်မာ့စပါးအုံး အောင်လအန်ဆန်က ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေခြင်းသည် ၎င်း၏သားဖြစ်သူ အောင်ဒီးအတွက် ငွေကြေးအပြင် အခြားသော ပိုင်ဆိုင်မှုများကို အမွေပေးခဲ့လိုခြင်းကြောင့်ဖြစ်သည်ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားကာ ဖခင်တစ်ဦး၏ မေတ္တာကို ဖွင့်ဟထုတ်ဖော်ခဲ့သည်။

NextSharkဝက်ဆိုက်နှင့် တွေ့ဆုံခန်းတွင် အောင်လအန်ဆန်ကို သတင်းထောက်က “ အမြဲတမ်း ၁၅ဝရာခိုင်းနူန်းပြင်ဆင်လေ့ကျင့်ချင်တဲ့ ခင်ဗျားရဲ့အလုပ်နဲ့ပတ်သက်တဲ့ ခံယူချက်က  Hard Knocks 365 မှာရှိတဲ့ အသင်းဖော် UFC ဝဲလ်တာဝိတ်ချန်ပီယံ Kamaru Usman ကို ပြန်ပြောင်းသတိရစရာ ဖြစ်နေတယ်။ သူကလည်း
 သမီးရှိလို့ ပိုပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ပြိုင်ပွဲဝင်တာပါလို့ ပြောခဲ့ပါတယ်။ အဲဒီလိုမျိုးထပ်တူခံစားမိပါသလား။ သားတစ်ယောက်ရှိနေတဲ့အတွက် ခင်ဗျားရဲ့လေ့ကျင့်မှုနဲ့ ပြိုင်ပွဲဝင်မှုတွေအပေါ် စိတ်ပိုင်းဆိုင်ရာအရ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါသလဲ” ဆိုသည့် မေးခွန်းကို
 အောင်လအန်ဆန်က အောက်ပါအတိုင်း  ပြန်လည်တုန့်ပြန်ဖြေကြားခဲ့သည်။

“အခုကျွန်တော် ကြိုးစားနေတဲ့ အရာအားလုံးဟာ ကျွန်တော့်အတွက် သက်သက်မဟုတ်တော့ပါဘူး။ ဒီကလေးလေးကို ကျွန်တော် ပံ့ပိုးထောက်ပံ့ပေးနေတယ်။ သူက ကျွန်တော့်ကိုယ်ပွားလေးပါပဲ။ သူ့ရဲ့အနာဂါတ်တွက် ကျွန်တော် ကြိုးစားယှဉ်ပြိုင်နေတာပါ။ သူ့ကို ကျွန်တော့်မှာရှိတဲ့ အရာအားလုံးကို ပေးချင်တယ်။
 ငွေကြေးသက်သက်သာမဟုတ်ဘဲ ကျွန်တော်မပိုင်ဆိုင်ခဲ့တဲ့အရာတွေအကုန်လုံးကိုပါ သူ့ကိုပေးချင်တယ်” ဟု သားဖြစ်သူ အောင်ဒီးနှင့် ပတ်သက်၍ ၎င်း၏ ခံယူချက်ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီးအောင်လက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၎င်း၏ ပုံတူကြေးရုပ်ထု တည်ဆောက်ထားခြင်းနှင့် ပက်သက်၍ အစောပိုင်းက Instagram တွင် ကန့်ကွက်ခဲ့သည်။

“ကျွန်တော့်ရဲ့ကစားသမားဘဝဟာတည်ဆောက်နေဆဲဖြစ်လို့ အဲဒါကို ကျွန်တော် ဘဝင်မကျပါဘူး။ အဲ့ဒီလို ရုပ်ထုနဲ့အသိအမှတ်ပြု ဂုဏ်ပြုရလောက်အောင် ကျွန်တော်လုပ်နိုင်ခဲ့ပြီလို့ မခံစားရဘူး” ဟု အောင်လက မိမိကိုယ်ကိုနှိမ့်ချပြောဆိုခဲ့သည်။

အဆိုပါရုပ်တုပြုလုပ် ဂုဏ်ပြုရခြင်းသည် မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ်မှ လွတ်မြောက်၍ မှန်ကန်သော လမ်းကြောင်းကို အတုယူ အားကျကာ လျှောက်လှမ်းမိစေရန်ရည်ရွယ်၍ ထုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒါပေမဲ့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံက ပြန်လာတဲ့ကျွန်တော်သူငယ်ချင်းက ပြောပြတယ်။ မြန်မာနိုင်ငံမှာနေထိုင်တဲ့လူတွေ အရမ်းရုန်းကန်နေရတဲ့အကြောင်း ပြောပြတယ်။ ဘာကြောင့် သူတို့ဒါကိုလုပ်တယ်ဆိုတာ ကျွန်တော်နားလည်သဘောပေါက်ခဲ့တယ်။ လူငယ်တွေအတွက်ရည်မှန်းချက်နဲ့ မျှော်လင့်ချက်ပြယုဂ်တစ်ခုအနေနဲ့ပေါ့” ဟု အောင်လအန်ဆန်ကဆိုသည်။

အောင်လအန်ဆန်သည်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ဝါသနာအရင်းခံဖြင့် ခြေစုံပစ်ဝင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ယှဉ်ပြိုင်ရခြင်းကို အလွန်သဘောကျခဲ့သူဖြစ်သည်။

“၂ဝဝရနဲ့ ၂၀၀၈ ခုနှစ်ကြားမှာ ကျွန်တော် ပျားမွေးမြူရေးသမားလုပ် နေတုန်းမှာ ကျွန်တော် ဂျုဂျစ်ဆုနဲ့ မွေထိုင်းကို ဆက်ပြီးလေ့ကျင့်ခဲ့တယ်။ အခွင့်ရတိုင်း ကျွန်တော် ယှဉ်ပြိုင်ထိုးသတ်ခဲ့တယ်။ ပျားမွေးသူအနေနဲ့ တစ်နှစ်ခွဲလုပ်ကိုင်ပြီးချိန်မှာ ကိုယ့်ဘဝကိုဘယ်လိုဖြတ်သန်းမလဲဆိုတာတွေးတောဆုံးဖြတ်မိခဲ့တယ်။ ကျွန်တော် ကိုယ်ခံပညာသိုင်းပေါင်းစုံကို အချိန်ပြည့်လေ့ကျင့်ချင်တယ်။ ဒါကြောင့် မေရီလန်းဒ်က ကျွန်တော့် အစ်မအိမ်ကိုပြန်လာခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံကို လေ့ကျင့်ခဲ့တယ်” ဟု အောင်လအန်ဆန်ကဆိုသည်။

အောင်လအန်ဆန်သည်၂၀၁၉ ခုနှစ်တွင် ၎င်း၏ ONE ကမ္ဘာ့ချန်ပီယံခါးပတ် ၂ခု စလုံးကို ကာကွယ်ရမည်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လတွင် ကျင်းပခဲ့သည့်ONE:A New Era ပြိုင်ပွဲတွင် စိန်ခေါ်သူ ဂျပန်နိုင်ငံသားKenHasegawa ကို အလဲထိုးအနိုင်ရရှိခဲ့ပြီး ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို တတိယအကြိမ် ကာကွယ်နိုင်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly