ကသည်း လက်နက်ကိုင်များကို ၅ကြိမ်မြောက် ရုံးထုတ်

ကသည်း လက်နက်ကိုင်များကို ၅ကြိမ်မြောက် ရုံးထုတ်

ခန္တီး၊ မေ ၉ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ဖမ်းဆီးရမိသည့် ကသည်း လက်နက်ကိုင်များကို မေလ ၉ရက်နေ့က ခန္တီးမြို့နယ် တရားရုံး၌ ၅ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကသည်းလက်နက်ကိုင် ၂၄ ဦးကို ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုထားပြီး ဧပြီလနှင့် မေလအတွင်းက ဖမ်းဆီခဲ့ခြင်း ဖြစ်ကြောင်း ULLF.KYKL.PLA. PrePak Pro စသည့် အာသံပြည်နယ် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖြစ်ကြောင်း သိရသည်။

 အဆိုပါ လက်နက်ကိုင် ၂၄ဦးကို မေလ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချသွားမည်ဖြစ်ပြီး တရားရုံးတွင် ကြားနာနေစဉ် ၄င်းတို့မှ အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

 " ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ ကျွန်တော်အပါအဝင် ၂၄ ဦး ဖမ်းခံခဲ့ရတာပါ” ဟု တရားရင်ဆိုင်နေသည့် ကသည်းလက်နက်ကိုင် တစ်ဦးမှ မဇ္ဈိမသို့ ပြောသည်။

 အဆိုပါ ကသည်းလက်နက်ကိုင် ၂၄ ဦးအပြင် NSCNK နာဂလက်နက်ကိုင်အဖွဲ့အစည်းမှ ခေါင်းဆောင် ၅ ဦးအား မတ်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ခန္တီးမြို့နယ် တရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 ခန္တီးခရိုင်အတွင်း ယခင်က လက်နက်ကိုင်အဖွဲ့အစည်းများမှ ဆက်ကြေးကောက်ခံမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly