နျူကလီးယားသဘောတူညီမှုကို လိုက်နာတော့မှာမဟုတ်လို့ အီရန် ကြေညာ

နျူကလီးယားသဘောတူညီမှုကို လိုက်နာတော့မှာမဟုတ်လို့ အီရန် ကြေညာ

တီဟီရန်၊ မေ ၈ ။         ။ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီဟာ နိုင်ငံပိုင်ရုပ်သံကနေ မေ ၈ ရက်က မိန့်ခွန်းပြောရာမှာ အီရန်အနေနဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီမှုကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ကြေညာပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ ပြေလည်သွားအောင် ကူညီခြင်းမရှိရင် သဘောတူညီချက်အပေါ် အလေးထားပြီး အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေကို ကန့်သတ်ထားခဲ့တာကို အဆုံးသတ်လိုက်တော့မှာ ဖြစ်တယ်လို့ ရိုဟာနီက ပြောပါတယ်။

အင်အားကြီး ခြောက်နိုင်ငံနဲ့ အီရန်နိုင်ငံကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကနေ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်က နုတ်ထွက်သွားချိန်က စလို့ နှစ်နိုင်ငံကြား တင်းမာနေခဲ့တာပါ။

အင်အားကြီး ခြောက်နိုင်ငံနဲ့ ချုပ်ဆိုတဲ့ သဘောတူညီချက်အရ အီရန်နိုင်ငံဟာ နျူကလီးယားစီမံကိန်းတွေ ရပ်တန့်ရတာဖြစ်ပြီး အပြန်အလှန်အနေနဲ့ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးခဲ့တာပါ။

အမေရိကန်က အဲဒီ သဘောတူညီချက်ကနေ နုတ်ထွက်လိုက်တာကြောင့် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပြီး အီရန်အနေနဲ့ စီးပွားရေး အထိနာနေတာလည်း ဖြစ်ပါတယ်။

သဘောတူညီချက်ပါ အဓိကအချက်ဖြစ်တဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယူရေနီယံကို လျှပ်စစ်ထုတ်လုပ်ရာအတွက်သာ သုံးပြီး ပိုလျှံရင် ပြည်ပကို အီရန်နိုင်ငံအနေနဲ့ ရောင်းချရမှာ ဖြစ်ပါတယ်။
ဒီ အဓိက ကတိကဝတ်ကို အဆုံးသတ်ပြီး အီရန်အနေနဲ့ ယူရေနီယံကို ပြည်ပကို မရောင်းဘဲ နိုင်ငံတွင်းမှာ စုဆောင်းထားမှာ ဖြစ်ပြီး ရက် ၆၀ အတွင်းမှာ ပိုမိုထုတ်လုပ်သွားမယ်လို့လည်း ရိုဟာနီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly