ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ကိစ္စ ဘုရားရန်ပုံငွေမှ တစ်ဝက်ကျခံခိုင်းခြင်းအပေါ် ပြည်နယ်ကိုယ်စားလှယ် မေးခွန်းထုတ်

ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ကိစ္စ ဘုရားရန်ပုံငွေမှ တစ်ဝက်ကျခံခိုင်းခြင်းအပေါ် ပြည်နယ်ကိုယ်စားလှယ် မေးခွန်းထုတ်

မေ ၈၊ မော်လမြိုင် ။      ။ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဟု တင်ဒါခေါ်ယူခဲ့သည့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက် တည်ဆောက်မှုပြီးခါနီးတွင် ဘုရားရန်ပုံငွေထဲမှ တစ်ဝက် ရယူကျခံသုံးစွဲရခြင်းမှာ ဘယ်လိုလုပ်ပိုင်ခွင့်၊ ဘယ်လိုလုပ်ထုံးလုပ်နည်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မေးခွန်းထုတ်ခဲ့သည်။

မေလ ၇ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (စတုတ္ထနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးမည့် စက်တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဝန်ကြီး ဖြေကြားချက်အပေါ်တွင် ဆက်စပ်မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ ဝန်ကြီးပြောသွားတဲ့အထဲမှာ လုပ်ငန်းလည်ပတ်နေစဉ်အတွင်းမှာ အစိုးရအဖွဲ့က ၅၀ ရာခိုင်နှုန်း၊ ဘဏ္ဍာတော် ထဲက ၅၀ ရာခိုင်နှုန်းသုံးစွဲဖို့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကို တင်ပြပြီးတော့ ဆောင်ရွက်ခဲ့တာကို ပြောသွားပါတယ်။ ဒီလုပ်ငန်းကို စပြီးဆောင်ရွက်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေထဲက ဘတ်ဂျက်ထဲက သုံးစွဲဖို့အတွက် ညွှန်ကြားခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်းစာမှာ ထည့်ပြီးကြေညာတဲ့အခါမှာ ကျိုက်ထီးရိုး တောင်ပေါ်မှာရှိတဲ့ အမှိုက်ဖျက်ဆီးတဲ့စက်ကိုဆောက်ဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ရန်ပုံငွေဖြင့်လို့ ရေးထားတယ်။ စပြီးကြေညာကတည်းကလည်း ကျွန်တော်တို့က အတည်ပြုထားပြီးသား ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် အမှိုက်စွန့်ပစ်မှုအား တွေ့မြင်ရစဉ်။

အဆိုပါ စက်ရုံကို ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် အကုန်ကျခံတည်ဆောက်ထားခြင်းဖြစ်ပြီး ကျိုက်ထီးရိုးတောင် တော် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေရေး၊ ဘုရားဖူးပြည်သူများနှင့် တောင်ပေါ်တွင် နေထိုင် လုပ်ကိုင်စားသောက်နေသူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်နိုင်စေရန်အတွက် ဖြစ်သည်ဟု ကနဦးတွင် ထိုသို့ ထုတ်ပြန်ထားခဲ့သည်။

ထိုသို့ သန်း ၄၀၀( ကျပ်သိန်း ၄၀၀၀) ဖြင့် လုပ်ငန်း လည်ပတ်နေစဉ် ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကုန်ကျငွေ တစ်ဝက်ဖြစ်သည့် ၂၄၂ သန်းကို ပြည်နယ်အစိုးရအဖွဲ့မှ ကျခံပြီး ကျန်တစ်ဝက် ဖြစ်သည့် ၂၄၂ သန်းကို ဘုရားဘဏ္ဍာရန်ပုံငွေထဲမှ သုံးစွဲကျခံစေရန် ပြည်နယ်အစိုးရအဖွဲ့ မှ စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာတွင် ပြည်ထောင်စုဝန်ကြီး ၂ ပါးသည် ယင်းစက်ရုံတည်ဆောက်ရေး နာယကတွင် ပါရှိသည့်အတွက် ၎င်းတို့ ၂ ဦး သဘောတူညီချက်ဖြင့် ဆောင်ရွက်ခဲ့သည်ဟု ပါရှိသည်။

သို့ရာတွင် ယင်းစက်ရုံတည်ဆောက်ရေး နာယက ၈ ယောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကာ လိုအပ်ပါက သြဝါဒစရိယဆရာတော်များ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူရန်ပါရှိသော်လည်း သဘောထား မတောင်းခံခဲ့၍ လေသာဆရာတော် ဘဒ္ဒန္တဦးပဏ္ဍိတက ကန့်ကွက်စာ ရေးသားကာ ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့သည်ဟု သိရသည်။

“ သြဝါဒစရိယဆရာတော်တွေဖြစ်တဲ့ ၁၁ ပါးသော အဖွဲ့ခေါင်းဆောင်ဖြစ်သည့် လေသာဆရာတော် ဘဒ္ဒန္တဦးပဏ္ဍိတရဲ့ တင်ပြစာတွင် လုပ်ငန်းမစတင်မှီက အစိုးရအဖွဲ့ဘဏ္ဍာငွေဖြင့်သာ သုံးစွဲမည်ဟု တင်ပြ လျှောက်ထားခဲ့ပါသော်လည်း စက်ရုံတည်ဆောက်ပြီးခါနီးမှ ဘုရားဘဏ္ဍာတော်ငွေထဲမှ ကုန်ကျငွေ တစ်ဝက် အား ရယူသုံးစွဲခဲ့ခြင်းအား သဘောမတူသဖြင့် ကန့်ကွက်စာရေးသား၍ ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့ပါကြောင်း၊ သို့ပါ၍ သြဝါဒစရိယအဖွဲ့ဆီမှာ သွားရောက် လမ်းညွှန်မှု ခံယူခဲ့ခြင်းမရှိပါလျှက် ပြည်နယ်အစိုးရအဖွဲ့မှ အမှိုက်ဖျက်ဆီး စက် ကုန်ကျငွေတစ်ဝက်အား ဘုရားဘဏ္ဍာတော်ငွေမှ ရယူသုံးစွဲဆောင်ရွက်ခဲ့ခြင်းသည် မည်သည့်လုပ်ပိုင်ခွင့်၊ မည်သို့သောလုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်ခဲ့သလဲပေါ့။” ဟု ဒေါက်တာအောင်နိုင်ဦးက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းတန်ဖိုး၏ ၅၀% ဖြစ်သောငွေကျပ် (၂၄၂)သန်းကိုမွန်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလ)ခွင့်ပြုရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေခဲ့ပြီးကျန် ၅၀%ဖြစ်သောငွေကျပ် (၂၄၂)သန်းနှင့်ပတ်သက်၍ ကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့ဘဏ္ဍာရန်ပုံငွေမှ ကုမ္ပဏီသို့ ပေးချေနိုင်ရေးအတွက် နာယက အဖွဲ့များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ထံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းချက်အရ သဘောတူကြောင်း ပြန်ကြားလာသည့်အတွက် ကျန်ငွေအားကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့ ရန်ပုံငွေမှ ကုမ္ပဏီသို့ ပေးချေခြင်း ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

 " ဒို့ဘတ်ဂျက်နဲ့သွားတာလေ။ သုံးနိုင်သလောက် သုံးပြီးတော့ ကျန်တာပြန်အပ်တာလေ၊ ဂေါပကနဲ့ပြည်နယ် ဘတ်ဂျက်တစ်ဝက်စီ သုံးထားတယ်။ဘုရားရန်ပုံငွေကိုတော့ လိုအပ်လို့ သုံးတာပါ။ နဂိုက အမှိုက်ဖျက်ဆီးစက် ဆိုပေမယ့် ခုအမှိုက်ခွဲခြားသန့်စင်စက် ။ ဘာကွာလို့လဲ ဘာမှမကွာဘူး ဖျက်ဆီးစက်က အားလုံး လုံးပြီး ဖျက်ဆီးတာ။ ခုဟာက ခွဲခြားပြီး မလိုတာကို မြေသြဇာလုပ်တာ သုံးမရတဲ့ အမှိုက်ကို သုံးလို့ရအောင် ခွဲခြားလိုက်တာ။''ဟု မွန်ပြည်နယ် စည်ပင်သာယာရေး နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

၂၀၁၈ ခုနှစ် ( ဧပြီလမှစက်တင်ဘာလ) ၆ လအတွင်း ပြည်နယ်ရန်ပုံငွေကျပ်သန်း ၄၀၀ ဖြင့် ကျိုက်ထီးရိုး တောင်ပေါ်တွင် အမှိုက်ဖျက်ဆီးစက်နှင့်ဆက်စပ်လုပ်ငန်းများလုပ်ကိုင်ရန်အတွက် T.M.A ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ သတ်မှတ်ထားသည့်အချိန်ထက် ကျော်လွန်နေသည့်အပြင် ပြည်နယ်အစိုးရအဖွဲ့မှ တင်ဒါစနစ်ခေါ်ယူရာတွင် အမှိုက်ဖျက်ဆီးမည့်စက်ဟု ကြေညာထားသော်လည်း လက်ရှိတွင် အမှိုက်ခွဲခြားသန့်စင်စက်ဟူ၍ ကွဲလွဲစွာတွေ့ရှိရကြောင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်နယ်လွှတ်တော်၏သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ၏ အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly