မွန်ပြည်နယ်တွင် မီတာခကို အွန်လိုင်း(သို့) မိုဘိုင်းအက်ပ်မှ ပေးချေနိုင်ရေးအဆို အတည်ပြု

မွန်ပြည်နယ်တွင် မီတာခကို အွန်လိုင်း(သို့) မိုဘိုင်းအက်ပ်မှ ပေးချေနိုင်ရေးအဆို အတည်ပြု
လျှပ်စစ်ကျွမ်းကျင်လုပ်သားတစ်ဦးက လျှပ်စစ်ကြိုးများသွယ်တန်းနေသည်ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်က နေပြည်တော်တွင် တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်/EPA

မော်လမြိုင် ၊ မေ ၈ ။      ။ မွန်ပြည်နယ်အတွင်း လစဉ်မီတာခပေးသွင်းခြင်းတွင် အခက်အခဲများရှိခြင်းကြောင့်  ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် Online (သို့) Mobile App ဝန်ဆောင်မှုဖြင့် ပြောင်းလဲကောက်ခံရန် တိုက်တွန်းကြောင်းအဆိုအား ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို မတ်လ ၂ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့ခြင်းဖြစ်ပြီး မေ ၆ ရက်နေ့ လွှတ်တော်အစည်းအဝေး(တတိယနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာပြည်နယ်ဝန်ကြီးက လွှတ်တော်တွင် မှတ်တမ်းတင်ရန်တင်ပြခဲ့သော်လည်း ကန့်ကွက်သူမရှိဖြင့် အတည်ပြခဲ့ခြင်း ဖြစ်သည်။

“ ကြုံတွေ့နေရတဲ့ ပြဿနာက ဝန်ထမ်းတွေက မလုံလောက်ဘူး။ မီတာခသွားဆောင်တဲ့အခါမှာ အကြွေ ၅၀ ပိုရင် ပြန်မအမ်းတာတို့ကလည်း ရှိတယ်ပေါ့။လစဉ် မီတာခပေးသွင်းရင် ပြည်သူတွေနဲ့ ဆက်ဆံရေး မပြေလည်တာတွေ၊ တစ်ချို့ဆို မီတာခလာသွင်းရတာ သွားလာရတဲ့လမ်းစရိတ်က ပိုကြီးနေတာတွေ၊ ပြည်သူအတွက်သာမက ဌာနဝန်ထမ်းများအတွက် အကျိုးရှိစေဖို့ ရည်ရွယ်တာပါ။” ဟု အဆိုရှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ပြောသည်။

မီတာခများအား Online (သို့) Mobile App ဖြင့် ပေးချေမည်ဆိုပါက ထိန်းချုပ်ခန်းမှ မီတာများ စစ်ဆေးနိုင်ခြင်း၊ မီတာအသုံးပြုခ ကွဲလွဲမှုပပျောက်လာခြင်း၊ ဝန်ထမ်းအင်အားလိုအပ်မှု လျှော့နည်းလာခြင်း၊ ဒဏ်ကြေးပေးဆောင်မှု လျော့နည်းလာခြင်း၊ ပြည်သူများ သွားလာစရိတ် လျော့နည်းလာခြင်းနှင့် Paper Work များ လျှော့ခနိုင်ရေး အစရှိသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောဆိုသည်။

မွန်ပြည်နယ်တွင် ယခင်နှစ်များက မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနမှ MCC Computer Co;Ltd တို့ ပူးပေါင်း ပြီး Door to Door စနစ်ဖြင့် လျှပ်စစ်ဓါတ်အားအသုံးပြုခများကို ဝန်ဆောင်ခ(၂၀၀)ကျပ် ပေးဆောင်ပြီး ကားများဖြင့် လိုက်လံကောက်ယူရာတွင် ပြည်နယ်အတွင်းရှိ လျှပ်စစ်မီးအသုံးပြုသူဦးရေ ၁၉၆၅၀၀ ကျော် အနက် ၃၈၂၀၀ ဦးကျော်ကျော် ၁၉.၅၂ ရာခိုင်နှုန်းသာ ပေးသွင်းကြကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်း၊ ဘဏ္ဍရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးဝဏ္ဏကျော်(ခေတ္တ-လျှပ်စစ်ဝန်ကြီး)က ပြောသည်။

''မွန်မှာ လျှပ်စစ်မီတာခ ကောက်ခံတာက လျှပ်စစ်ဌာနနဲ့ MCC သဘောတူစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။စာချုပ်ထဲမှာလည်း MCC နဲ့အမြဲတစေဆောင်ရွက်မှာမဟုတ်ဘဲ ဌာနက နည်းပညာနဲ့စက်ပစ္စည်းတွေ ဒါတွေကို ကိုင်တွယ်တဲ့ဝန်ထမ်းတွေ ဆောင်ရွက်နိုင်တဲ့အခြေနေထိသာ သဘောတူထားခဲ့တာပါ။ ခုချိန်မှာ လျှပ်စစ်ဝန်ထမ်းတွေက ဒီလိုဆောင်ရွက်လာနိုင်တဲ့အခြေနေရှိလာတဲ့အပြင် MCC အနေနဲ့မွန်ပြည်နယ်မှာ မီးသုံးစွဲသူအားလုံးကို မီတာခ ကောက်ခံ ပေးနိုင်တဲ့အနေထားမရှိသေးပါဘူး။ ပြည်သူအများစုက ဌာနမှာပဲ မီတာခ လာဆောင်နေရတာများတယ်။ ခုအဆိုကိုလည်း ပြည်နယ်လွှတ်တော်တွင် တင်သွင်းခြင်းထက် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခြင်းက ပိုပြီးသင့်လျော်ပါတယ်။ ပြည်ထောင်စုက ဆောင်ရွက်နိုင်တဲ့ အချိန်ကျရင် ပြည်နယ်အစိုးရက ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ဒီအဆိုကို ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ထားသင့်တယ်'' ဟု ဦးဝဏ္ဏကျော်က ပြောသည်။

MCC ကုမ္ပဏီနှင့် ပူးပေါင်းကာ လျှပ်စစ်ဓါတ်အားကောက်ခံမှုအား ယခုနှစ်မတ်လကုန်တွင် ရပ်နားခဲ့ပြီး ယခုနှစ် ဧပြီလ တစ်ရက်နေ့မှ စတင်ကာ ယခင်အတိုင်း ပြည်သူများကိုယ်တိုင် မြို့နယ်လျှပ်စစ်ရုံးသို့ သွားရောက် ပေးဆောင်နေရသဖြင့် မီတာရုံးနှင့် အလှမ်းဝေးသည့်ကျေးရွာများမှ ပြည်သူများအနေဖြင့် ကောက်ခံမှု ရပ်ဆိုင်းလိုက်သည့်အချိန်မှစတင်ကာ အခက်အခဲအနည်းငယ်ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင်ပင် အချို့မြို့နယ်များတွင် မီတာခ ပေးဆောင်ခြင်းများအား ဘဏ်နှင့်ချိတ်ဆက်ကာ ပေးဆောင်နိုင်သော်လည်း အချို့မြို့နယ်များစုတွင် လူကိုယ်တိုင် လာရောက်ပေးဆောင်နေရခြင်းများလည်း ရှိနေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly