ဧရာဝတီတိုင်း စည်ပင်သာယာရေးဥပဒေမူကြမ်းတွင် တိုင်းစည်ပင်ကော်မတီ ဖွဲ့စည်းရန်ကိစ္စများ ပါဝင်ဟုဆို

ဧရာဝတီတိုင်း စည်ပင်သာယာရေးဥပဒေမူကြမ်းတွင် တိုင်းစည်ပင်ကော်မတီ ဖွဲ့စည်းရန်ကိစ္စများ ပါဝင်ဟုဆို

ပုသိမ်၊ မေ ၈ ။     ။ တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းသွားရန် တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းထားသည့် ဥပဒေတွင်တွင် ထည့်သွင်းရေးဆွဲထားကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမ သို့ပြောသည်။

"စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ယခင်တုန်းက ဧရာဝတီတိုင်းဒေသကြီး စည်ပင် သာယာရေးမှာ မြို့နယ်စည်ပင်သာယာရေးနှင့်တိုင်းစည်ပင်သာယာရေးအဖွဲ့ တိုင်းဝန်ကြီးဌာန ရယ်လို့ပဲ ရှိပါတယ်။ လိုအပ်မှုနေတာက တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီဆိုတာ လိုအပ်မှု ရှိနေပါတယ်။ ဥပဒေအသစ်မှာတော့ တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီကိုပါ ဖွဲ့စည်းပြီးတော့ ဧရာဝတီတိုင်းဒေသ ကြီး စည်ပင်သာယာရေးလုပ်ငန်းများကိုဖွံဖြိုးတိုးတက်အောင် ဦးဆောင် ဆောင်ရွက်နိုင်မယ့် ကော်မတီ တစ်ရပ်ဖွဲ့စည်းနိုင်အောင် ထည့်သွင်းထားတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်ကပြောသည်။

အဆိုပါ တိုင်းစည်ပင်သာယာရေးကော်မတီဖွဲ့စည်းမှုအပေါ် ကြိုဆိုကြောင်းနှင့် အမှန်တကယ် လုပ်နိုင်သော သူများကို ရွေးချယ်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတစ်ခုလုံးကို တာဝန်ထမ်းဆောင် နိုင်သူအား ရွေးချယ် ပေးနိုင်ပါက လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုကောင်းနိုင်ကြောင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးသက်နိုင်ဇော်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေမူကြမ်းကို တိုင်းဒေသကြီးလွှတ်တော် ၁ရကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ဥပဒေမူကြမ်းအား တိုင်းလွှတ်တော်ဥပဒေစိစစ်ရေးကော်မတီက စိစစ်လျက်ရှိကြောင်း သိရသည်။

"စည်ပင်သာယာက လုပ်ကိုင်ဆောင်ရွက်ရတဲ့ စည်းကမ်းထိန်းသိမ်းရတဲ့ လုပ်ငန်းတွေမှာ အများပြည်သူက လိုက်နာမှုရှိအောင်လို့ လုပ်ပိုင်ခွင့်များကို တိုးမြင့်ပြီးထားတာရယ်၊စည်းကမ်းဖောက်ဖျက်တဲ့အခါမှာ ချမှတ်တဲ့ ပြစ်ဒဏ်တွေကို တိုးမြင့်ထားတာရယ် အဲဒိီအချက်တွေလည်း ပါပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလက်ရှိ၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၂၆ဖွဲ့နှင့် မြို့စည်ပင် သာယာရေး ကော်မတီ ၇ ဖွဲ့အား ဖွဲ့စည်းထားသည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီများကို ၂၀၁၆ခုနှစ် နှစ်ကုန်တွင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly