DMG သတင်းဌာနအား SB မှ အမှုဖွင့်ခြင်းအပေါ် သတင်းမီဒီယာကောင်စီ ကြားဝင်ပေးရန်တောင်းဆို

DMG သတင်းဌာနအား SB မှ အမှုဖွင့်ခြင်းအပေါ် သတင်းမီဒီယာကောင်စီ ကြားဝင်ပေးရန်တောင်းဆို
DMG သတင်ဌာနတွင်အခြေစိုက်သောရခိုင်ပြည်နယ်စစ်တွေမြို့အားတွေ့မြင်ရစဉ်။ Photo - EPA

ရန်ကုန်၊ မေ ၈ ။     ။ သတင်းတပ်ဖွဲ့ SB မှ တရားလိုပြုလုပ်၍ ရခိုင်အခြေစိုက် DMG သတင်းဌာနအား အမှုဖွင့်လှစ်ထားမှုအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC)အနေဖြင့်  ကြားဝင်ကူညီဖြေရှင်းပေးရန် မေ ၈ ရက်နေ့တွင် စာပေးပို့တောင်းဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ကိုကျော်စွာမင်းက “ မနက်ဖြန် (မေ ၉ ရက်) အစည်းအဝေး ရှိမယ်။ အဲ့ကိစ္စပါ ပါမယ် ဆွေးနွေးမယ်နော်။ အဲဒီအပေါ်မှာ ဘာဆက်လုပ်မယ်ဆိုတာ တက်ရောက်လာတဲ့ကောင်စီဝင်တွေရဲ့သဘောထားပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်မယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) ၏ အယ်ဒီတာချုပ်နှင့် အမှုဆောင် ဒါရိုက်တာ ဖြစ်သူနှင့် တာဝန်ရှိသူများဟုဆိုကာ မေလ (၁) ရက်နေ့တွင် သတင်းတပ်ဖွဲ့ SB မှ တရားလိုပြုလုပ်၍  မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၂ ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေ့မြို့ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများအကြောင်းကို သတင်းမီဒီယာကျင့်ဝတ်နှင့် အညီရေးသား ဖော်ပြနေခြင်းသာ ဖြစ်သည်ဟု DMG သတင်းဌာန၏ အယ်ဒီတာချုပ်နှင့်အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦး က မေ ၂ ရက်က မဇ္စျိမသို့ ပြောဆိုထားသည်။

DMG သတင်းဌာနသည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရခိုင်ပြည်နယ် ရေးရာများနှင့် ပတ်သက်သောသတင်းများကို သတင်းမီဒီယာ ဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ သတင်း ရေးသားထုတ်လုပ်နေသည့် သတင်းဌာန ဖြစ်သည်ဟု ၎င်းသတင်းဌာနဖက်မှ ဆိုသည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၂ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်သတင်းကြောင့် စွဲဆိုရသည်ကို မသိရှိရသေးကြောင်း DMG သတင်းဌာနမှ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းနှင့်ပတ်သက်ပြီး  ဧရာဝတီသတင်းဌာနနှင့် RFA မြန်မာပိုင်းသတင်းဌာနတို့ကို တပ်မတော်မှ တရားစွဲဆိုထားခြင်းများလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags