မော်လိုက်ကလေး အကျဉ်းသားများ တောင်းဆိုမှု သမ္မတထံ တင်ပြသွားမည်

မော်လိုက်ကလေး အကျဉ်းသားများ တောင်းဆိုမှု သမ္မတထံ တင်ပြသွားမည်
ဓာတ်ပုံ - Kyaw Thet Win FB

စစ်ကိုင်း၊ မေ ၈ ။      ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မော်လိုက်ကလေးထောင်တွင် အကျဉ်းသူအကျဉ်သားများမှ တောင်းဆိုသည့် အချက် (၄)ချက်အား သမ္မတံတင်ပြသွားမည်ဟု ကလေးမြို့နယ် စီမံခန့်ခွဲရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မဇ်ၥိမသို့ ပြောသည်။

မေလ ၈ ရက်နံနက်ပိုင်း၌ အကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပွားခဲ့ပြီး အကျဉ်းကျခံနေသူများနှင့်အချုပ်သား( ၂၀၃၁)ဦးတို့မှ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး၊ မီဒီယာများနှင့် ချက်ချင်းတွေ့ဆုံပေးရေး၊ လူ့အခွင့်အရေး ကော်မရှင်နှင့်တွေ့ဆုံပေးရေး၊ အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပေးရေး ဆိုသည့် စာသားများဖြင့် အော်ဟစ် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"သူတို့တွေ့ဆုံခဲ့ကြတယ်။နံနက် ၁၁ နာရီခွဲအချိန်မှာ ပြီးစီးသွားတယ်။သူတို့တောင်းဆိုထားတဲ့ အချက်လေးချက် ကို နိုင်ငံတော်သမ္မတထံ တင်ပြမယ်။အခု ကျနော်ဌာနကနေ ခရိုင်ကနေ တိုင်းအစိုးရဖွဲ့တင်ပြတယ်။ အစိုးရ အဖွဲ့ကနေ သမ္မတဆီအဆင့်တင်ပြပေးနေတယ်"ဟု ဦးညီညီကပြောသည်။

ထောင်အတွင်း ဆူပူမှု ဖြစ်ပွားအပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချို ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီ ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးအောင်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦဉာဏ်နိုင်ဦး ၊ သတင်းတပ်ဖွဲ့ ဒုရဲမှူး မောင်မောင်လွင် ၊ စသုံးလုံးဦးစီးအရာရှိ သူရိန်မိုး၊ တပ်မတော်တန်းမြှင့်သင်တန်းကျောင်း အမှတ် ၁၀ ရဲမှူးချုပ်ကျော်ထွန်း ၊  အထက်ချင်းတွင်းကွန်ယက်အဖွဲ့နှင့်အကျဉ်းသူအကျဉ်းသား ၂၀၃၀ ဦးတို့ တွေ့ဆုံ ခဲ့ကြကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေးအတွက် (ယနေ့) မေလ ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က တောင်းဆိုခဲ့ကြကြောင်း ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီက အတည်ပြုပြောသည်။

"ဒီနေ့မနက် ၉ နာရီခွဲလောက်ကစပြီး အမျိုးသမီးအဆောင်ကနေ နိုင်ငံတော်သီချင်းဆိုပြီး ဆူပူတောင်း ဆိုခဲ့တာပါ။အဓိကတော့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနဲ့လူအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေကို တောင်းဆိုတာဖြစ်တယ်"ဟု ဦးညီညီကပြောသည်။

မော်လိုက်ကလေးထောင်တွင် အကျဉ်းသား ကျား ၁၆၃၆ ဦး ၊ မ ၂၀၂ ဦး၊ ကျားအချုပ်ကျ ၁၆၄ ဦး ၊ မ ၂၉ ဦး စုစုပေါင်း ၂၀၃၀ ဦးရှိကြောင်း သိရသည်။

မော်လိုက်ကလေးထောင်တွင် အကျဉ်းသူအကျဉ်းသားများက တောင်းဆိုခဲ့သည့်အချက်လေးချက်ထဲတွင် မီဒီယာနှင့်ချက်ချင်းတွေ့ဆုံပေးရေးပါရှိသော်လည်း တွေ့ခွင့်မရရှိခဲ့ကြောင်း ကလေးမြို့ဒေသခံ သတင်းထောက် များထံမှ သိရသည်။

သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို လွှတ်ပေးအပြီး ဧပြီလ ၂၂ ရက်နေ့၌ ရွှေဘိုထောင်တွင် ဆူပူမှု ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရွှေဘိုမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ဖြေရှင်းခဲ့ရသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly