တစ်သင်းတည်းသား Chan Rothana အပေါ်ထားရှိသည့်ဖိုးသော်၏ ယုံကြည်မှု

တစ်သင်းတည်းသား Chan Rothana အပေါ်ထားရှိသည့်ဖိုးသော်၏ ယုံကြည်မှု

“Chan နဲ့ ကျွန်တော်နဲ့က တော်တော်ကို ရင်းရင်းနှီးနှီး ခင်ပါတယ်။ညီအစ်ကိုလိုပါပဲ။ ဆရာလို၊ သူငယ်ချင်းလို၊ ပါတနာလို အစုံပေါ့။ ပွဲရှိလို့ ကျွန်တော် သူတို့ဆီမှာသွားပြီး တွဲလေ့ကျင့်ရင် လိုအပ်တာမှန်သမျှ အကုန်ပံ့ပိုးကူညီပေးတယ်” ဟု ဖွင့်ဟ ပြောကြားလာသူမှာ မြန်မာကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား
ဖိုးသော်ဖြစ်သည်။ “သူက လူရိုး၊ အေးအေးဆေးဆေး နေတတ်တယ်။ သဘောလည်း ကောင်းတယ်” ဟုလည်း ၎င်းက ဖြည့်စွက် ပြောခဲ့သေးသည်။

ONE၏ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများဖြစ်ကြသော ဖိုးသော်နှင့် ကမ္ဘောဒီးယားကစားသမားChanRothana တို့သည် အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ဖြစ်သောFight for Good (FFG) ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိကြသည်။ ဖိုးသော်၏ Team PT အားကစားရုံနှင့် Chan ၏ Selapak အားကစားရုံတို့ကိုလည်း မိတ်ဖက် အားကစားရုံများအဖြစ် ပူးပေါင်းထားသည်။

“Chan နဲ့ တွဲပြီးလုပ်လာတာ ၂ဝ၁၆ ကတည်းကဆိုတော့ ၃ နှစ်လောက်ရှိပါပြီ။သူက ဒီမှာတော့ မလေ့ကျင့်ဘူး။ ကမ္ဘောဒီးယားမှာပဲ လေ့ကျင့်တာ။ ပြီးတော့ သူက ဒီကိုအလည်လာတာမျိုး မရှိတတ်ပါဘူး။ ပွဲအတွက် လိုအပ်တာတွေလုပ်ဖို့ လာတာများပါတယ်။ နည်းစနစ်ပိုင်းကို ကျွန်တော့် လေ့ကျင့်ရေးနဲ့ ကူပြီးလုပ်ပေးတာပေါ့။ အဲဒီအချိန်မှာ သူနဲ့ရင်းရင်းနှီးနှီး ကော်ဖီထွက်သောက်၊
 မုန့်ထွက်စားတာမျိုးတွေ လုပ်ဖြစ်တယ်” ဟု ဖိုးသော်က Chan နှင့် ၎င်း၏ ဆက်ဆံရေးအနေအထားကို ပြောပြခဲ့သည်။

Chan သည် လာမည့်မေလ ၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သောONE:For Honor ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး
 အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသား RudyAgustian နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါပွဲတွင်Chan က သေချာပေါက်အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဖိုးသော်က ဖွင့်ဟပြောကြားခဲ့သည်။

“ကျွန်တော်ကတော့ ကိုယ့်လူကို ယုံတယ်။ သူက ကြိုးစားအားထုတ်မှုလည်းကောင်းတဲ့အခါကျတော့ ဒီပွဲမှာ Chan ပဲ နိုင်လိမ့်မယ်လို့ ခန့်မှန်းတယ်။ ဘယ်နှစ်ချီနဲ့ ပွဲသိမ်းမယ်ဆိုတာကတော့ မပြောနိုင်ဘူး။ အလဲထိုးနိုင်ချင်မှလည်း ထိုးနိုင်မယ်။ အမှတ်နဲ့လည်း ပြီးချင် ပြီးသွားလိမ့်မယ်”ဟု ဖိုးသော်က အဆိုပါ ပွဲစဉ်အပေါ် ၎င်း၏ ခန့်မှန်းချက်ကို ပြောပြခဲ့သည်။

Chan သည် ၎င်း၏ ကစားသမားသက်တမ်းတစ်လျှောက် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲပေါင်း၈ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ၅ ပွဲ အနိုင်ရခဲ့ပြီး ၃ ပွဲ ရှုံးနိမ့်ထားသည်။ ကမ္ဘောဒီးယားရိုးရာ ခွန်ခမာလက်ဝှေ့ပညာကို အဓိကထားယှဉ်ပြိုင်သည့် Chan သည် အနိုင်ရသည့် ပွဲတိုင်းလိုလိုတွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဖိုးသော်က “သူက မတ်တပ်ရပ်တိုက်ခိုက်တာကို
 ပိုအားသာတယ်။ အလဲထိုးပြီး နိုင်တာများတယ်။ အဓိက ကတော့ ခွန်ခမာပေါ့” ဟု သုံးသပ်ခဲ့သည်။

သို့သော် ဖိုးသော်က Chan ရင်ဆိုင်ရမည့် ပြိုင်ဘက် Agustian ကိုလည်းချီးကျူးပြောဆိုထားသေးသည်။ “သူ့ပြိုင်ဘက်ကလည်း ကောင်းတယ်။ မဆိုးဘူး။ အင်ဒိုနီးရှားနိုင်ငံသားပေါ့။ အတွေ့အကြုံလည်း ကောင်းတယ်။ တော်တဲ့ကစားသမားထဲမှာ ပါတယ်။ Chan ကလည်း အတွေ့အကြုံ ရှိတဲ့ကစားသမားဆိုတော့ အကြိတ်အနယ် ရှိမယ့်ပွဲ ဖြစ်ပါတယ်” ဟု ဖိုးသော်က ခန့်မှန်းပြောကြားခဲ့သည်။

ONE ၏ ကမ္ဘောဒီးယားဖယ်သာဝိတ်တန်း Grand Prix ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိရောက်ရှိခဲ့ဖူးသော Chan ကို ကမ္ဘောဒီးယားပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မိဘနှစ်ပါးမှ ထိုင်းဒုက္ခသည်စခန်းတစ်ခုတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူက ခွန်ခမာ ထိပ်တန်းလက်ဝှေ့သမားတစ်ဦးဖြစ်သဖြင့် ငယ်စဉ်ကတည်းက ဖခင်၏ပညာများကို အနီးကပ်သင်ယူလေ့လာခွင့်ရရှိခဲ့သည်။
 ထို့ကြောင့် အသက် ၁၇ နှစ်တွင်ပင် ကြိုးဝိုင်းထဲ စတင်ရောက်ရှိခဲ့သူလည်းဖြစ်သည်။

Chan သည် လက်ဝှေ့သမားဘဝတွင် ပွဲပေါင်း ၉ဝ ဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့သူဖြစ်သည်။ သို့သော် ၂ဝ၁၄ ခုနှစ်တွင် တိုက်ကွမ်ဒိုခါးပတ်နက်ကိုရရှိခဲ့ပြီးနောက်ပိုင်း ကြိုးဝိုင်းထဲတွင် သတ်ပုတ်နေရသည့် လက်ဝှေ့သမားဘဝထက် နည်းပြဘဝကို တဖြည်းဖြည်း ကူးပြောင်းသွားရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအချိန်တွင် ONE နှင့် ချိတ်ဆက်မိပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ
 အားကစားသမားတစ်ဦးအဖြစ် ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့သူလည်း ဖြစ်သည်။

လက်ရှိတွင် Chan သည် ကမ္ဘောဒီးယားရှိ ၎င်း၏အားကစားရုံ Selapak ၊ ၎င်း၏အဖွဲ့FFG တို့နှင့် ပူးပေါင်းကာ လူငယ်မျိုးဆက်သစ် ကိုယ်ခံပညာအားကစားသမားများစွာ မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဖိုးသော်၏ Team PT မှာလည်း မြန်မာနိုင်ငံတွင် အလားတူ ပူပေါင်းဆောင်ရွက်နေသည့် အားကစားရုံဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly