တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် ပြည်သူ့သဘောထား ရယူ

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် ပြည်သူ့သဘောထား ရယူ

တီကျစ် ။ ။ မေလ ၈ ရက်၊ ၂၀၁၉ ။     ။တီကျစ် ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ(EIA)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြည်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်း အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ် ဒေသ၊ တောင်ပို့ကြီးဘုန်းကြီးကျောင်း၌ မေလ ၈ နံနက် ၉နာရီ ၃၀ တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်၊ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ တက်ရောက် အမှာစကားပြောကြားသည်။

" ကျွန်တော်တို့အားလုံးကို ဖိတ်ကြားပြီးတော့မှ တွေ့ဆုံဆွေးနွေးပွဲ အဖြေရှာခြင်းတစ်ခု နောက်တစ်ခါ ရှေ့ဆက် လုပ်မယ့် နိုင်ငံရဲ့ ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခု ဘယ်လိုဆက်သွားရမယ်ဆိုတာကို ဒေသခံတွေကနေ ပွင့်လင်းမြင်သာစွာ ကျွန်တော်တို့က ကျင်းပရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီကို သွားနေတဲ့ အခါမှာ မိဘပြည်သူများအားလုံး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး သတိချပ်ဖို့လိုပါတယ်။ ကမ္ဘာမှာ ဒီကနေ့ ဘယ်အဆင့်ကိုရောက်နေပြီလဲ ကျွန်တော်တို့နိုင်ငံ ဘယ်အဆင့်ရောက်နေပြီလည်းဆိုတာ သုံးသပ်ဖို့ အရေးကြီးပါတယ် "ဟု ဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ က ပြောသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထု တစ်ထောင်နီးပါး က အဆိပ်သင့်စက်ရုံ ရပ်တန့်ရေး ၊ ဝူရှီးဟွာကွမ်း ကုမ္ပဏီ အလိုမရှိ၊ ဧဒင်ကျောက်မီးသွေးမိုင်း ပိတ်သိမ်းရေး အတွက် ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသေးသည်။

" ကျွန်တော်တို့ လိုအပ်ချက်ကို အကုန်လုံးသိနေကြတယ်။ အဲဒီ လိုအပ်ချက်ကို အကောင်းဆုံး ဘယ်လိုညှိနှိုင်း ပေါင်းစပ်ဖန်တီးကြမလဲ။ ပြောရရင်တော့ လိုအပ်ချက်ကရှိပြီးသား ဒီလိုအပ်ချက်ကို ဘယ်လိုပုံစံ အကောင်းဆုံး ဖြစ်အောင် ခင်ဗျားတို့ ကျွန်တော်တို့ကို ညှိနှိုင်းအဖြေရှာ ပေါင်းစပ်လုပ်ကိုင်ကြရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး အတွက်အကျိုးရှိတယ်။ ကျွန်တော်လည်း အဲဒီလိုပဲမြင်ပါတယ်" ဟု ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင် က ပြောကြားသည်။

တီကျစ်ဒေသရှိ ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေး စက်ရုံနှင့် ကျောက်မီးသွေးမိုင်းတွင်းကို ယခင် စစ်အစိုးရ (တပ်မတော်အစိုးရ) လက်ထက်၂၀၀၄ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ ဝူရှီးဟွာကွမ်း ကုမ္ပဏီက အဆိုပါ ဓာတ်အားပေးစက်ရုံကိုနှစ် ၃၀ စာချုပ်ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းရှဲန်လုံ ၊ ပြည်နယ်ပြည်သူ့ လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွ့ံဖြိုးတိုးတက်ရေးကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်၊ E guarg Impact Assassment (EIA)မှ အုပ်ချုပ်မှု ဒါရိုက်တာ၊ ဝူရှီးဟွာကွမ်း ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ၊ MATA အဖွဲ့နှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required