ကျောင်းသားလေးများအား ခရီးသွားလမ်းညွှန်များဖြစ်လာရန် လေ့ကျင့်ပေးရေး ထိုင်းအစိုးရစီစဉ်

ကျောင်းသားလေးများအား ခရီးသွားလမ်းညွှန်များဖြစ်လာရန် လေ့ကျင့်ပေးရေး ထိုင်းအစိုးရစီစဉ်

ဘန်ကောက်၊ အောက်တိုဘာ ၆ ။            ။ အသိအမှတ်ပြု ဒေသခံဧည့်လမ်းညွှန်များဖြစ်လာစေရန် ပညာရေးဝန်ကြီးဋ္ဌာန၏ 'နည်းနည်းသင်ကြား၊ များများသင်ယူ'စမ်းသပ် အစီအစဉ်အရ နိုင်ငံတစ်ဝန်း ရှိကျောင်းပေါင်း ၃,၀၀၀ကျော်ရှိ ကျောင်းသားများအတွက် လေ့ကျင့်ပေးသည့် အစီအစဉ်တစ်ခု ထူထောင်ရန် ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဋ္ဌာနက စီစဉ်နေသည်။

ကမ္ဘာလှည့်ခရီးသွားများပြားလာသည့် လိုင်စင်ရဧည့်လမ်းညွှန်များ နောက်ထပ်လိုအပ်လျက်ရှိသည်ဟု ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီး ကော့ဘန်းဝပ်တာနက်ဗ်ရန်ကူလ်က ပြောသည်။

ယင်းအစီအစဉ်နှင့် ပတ်သက်၍ မစ္စ ကော့ဘန်းသည် ပညာရေးဝန်ကြီးဋ္ဌာနတွင် ပညာရေးဝန်ကြီးဗိုလ်ချုပ်ကြီး ဒါပေါင်ရတနာဆူဝန်နှင့် အောက်တိုဘာ ၅ ကဆွေးနွေးခဲ့သည်။

ဝန်ကြီးနှစ်ဦးသည် စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် ကျောင်းဝန်းပြင်ပ သင်ယူမှုကို အဆင့်မြင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် တစ်ချိန်က လိုင်စင်ရ ဧည့်လမ်းညွှန် ၅၇,၀၀၀ခန့်ရှိ ခဲ့သော်လည်း ယခုအခါ ၃၀,၀၀၀ခန့်သာရှိသည်ဟု မစ္စကော့ဘန်းက ပြောသည်။ တရားဝင် ဝန်ကြီးဋ္ဌာနဧည့်လမ်းညွှန်မှာ ၂၀,၀၀၀ခန့်သာရှိပြီး ကျန် ၁၀,၀၀၀မှာ အလွတ်ဧည့်လမ်းညွှန် များဖြစ်သည် ဆိုသည်။

"ဒီနှစ်မှာ နိုင်ငံခြားသားခရီးသည် ၂၉ သန်းလောက် ထိုင်းကိုလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ လမ်းညွှန်က ၂၀,၀၀၀ပဲရှိတယ်။ ပိုပြီးကောင်းမွန်အောင်လုပ်ဖို့လိုပါတယ်"ဟု မစ္စကော့ဘန်းကဆိုသည်။ ကျောင်းသားများကို ဧည့်လမ်းညွှန်များအဖြစ် လေ့ကျင့်ပေးမည့်အစီအစဉ်တစ်ခုမှာ အတန်းများပြီးဆုံးသည့် နေ့လည် ၂ နာရီတွင် စသည့် သင်ရိုးပြင်ပလှုပ်ရှားမှု တစ်ခုအဖြစ် ပါဝင်မည်ဟု ၎င်းကဆိုသည်။

သင်တန်းပြီးဆုံးသော ကျောင်းသားများသည် Little Host ဟုခေါ်ဆိုသည့် အသိအမှတ်ပြုလက်မှတ်များ ရရှိမည်ဖြစ်ပြီး ဒေသခံဧည့်လမ်းညွှန်များအဖြစ် အလုပ်လုပ်နိုင်မည်ဟု ကော့ဘန်းကပြောသည်။

ယင်းသို့ဧည့်လမ်းညွှန်ဆောင်ရွက်ခြင်းဖြင့် ငွေမည်မျှရရှိမည်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသေးပေ။ သို့သော်လည်း ယင်းအစီအစဉ်က ဒေသခံများနှင့် ထိတွေ့ခွင့်ရ၍ ခရီးသွားများနှစ်သက်မည်ဟု ထောက်ခံသူများက ပြောသည်။

အစီအစဉ်ကြောင့် ကျောင်းသားလေးများ၏ ဆက်ဆံရေးကျွမ်းကျင်မှုနှင့် ဘာသာစကားစွမ်းရည်များ မြင့်မားလာမည်ဟုလည်း ပညာရေးဝန်ကြီးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly