ရန်ကုန်တက္ကသိုလ်၏ သစ်ပုတ်ပင်ကို မြို့ပြအမွေအနှစ်အဖြစ် အပြာရောင် ကဗ္ဗည်းပြား တပ်မည်

ရန်ကုန်တက္ကသိုလ်၏ သစ်ပုတ်ပင်ကို မြို့ပြအမွေအနှစ်အဖြစ် အပြာရောင် ကဗ္ဗည်းပြား တပ်မည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

မေ ၈ ရက်၊ ရန်ကုန် ။              ။ ရန်ကုန်တက္ကသိုလ်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် သစ်ပုတ်ပင်ကို မြို့ပြအမွေအနှစ်အဖြစ် အသိ အမှတ်ပြုသော အပြာရောင်ကမ္ဗည်းပြား တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

“တက္ကသိုလ်ကြီး တစ်ခုလုံးမှာ ကမ္ဗည်းပြားကပ်မယ်ဆိုရင် အများကြီးကပ်ရမှာ ဖြစ်ပါတယ်။ နောင်လည်း ကပ်သွားဖို့ အစီစဉ်တွေ ရှိပါတယ်။ လောလောဆယ်မှာတော့ ဒီတက္ကသိုလ်ဝင်းထဲက ဒီသစ်ပုတ်ပင်ကြီးမှာ ပထမဆုံး ရာပြည့်အကြိုအနေနဲ့ ကပ်သွားမယ့် သဘောပါ။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဒီတက္ကသိုလ် ထဲမှာ ရှိတဲ့အဆောက်အဦတွေကိုလည်း ကျွန်တော်တို့ မြို့ပြအမွေအနှစ်အဖြစ် ကမ္ဗည်းပြားတွေ တပ်ဆင်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ် ပထမဆုံးကတော့ သစ်ပုပ်ပင် ဖြစ်ဖို့ ရှိပါတယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ စီမံချက်အရာရှိ ဦးသူရိန်အောင်က ပြောသည်။

ထိုသို့ တပ်ဆင်မှုတွင် ၂ဝ၂၀ ခုနှစ်၌ ပြည့့်မည့် ရန်ကုန်တက္ကသိုလ်၏ နှစ် ၁ဝဝ ပြည့် ရာပြည့်အကြိုအနေဖြင့် တပ်ဆင်ခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ်အတွင်း တပ်ဆင်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ တပ်ဆင်မည့် ကမ္ဗည်းပြားပေါ်တွင် သစ်ပုတ်ပင်၏ သမိုင်းအချက်အလက်ကို ရေးထားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဒီသစ်ပင်ပေါ့နော် ဒါဟာလည်း တက္ကသိုလ်ကျောင်းသားဘဝ၊ ရန်ကုန်တက္ကသိုလ်ရဲ့  အဓိကအစိတ် အပိုင်း တစ်ခုအနေနဲ့ ပါဝင်နေတာ ဖြစ်တဲ့အတွက် မြို့ရဲ့အမွေအနှစ်တစ်ခုအနေနဲ့ ကမ္ဗည်းပြားတပ်ဆင်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။ ညှိနှိုင်းဆေင်ရွက်နေတာတော့ ရှိပါတယ်။ ဘယ်အချိန်မှာတပ်မလဲ။ ဘယ်နေရာမှာ တပ်မလဲ ဒါတွေကတော့ ညှိနေပါတယ်။ နောက်ကမ္ဗည်းပြားပေါ်မှာ ရေးမယ့် စာသားကလည်း အတည်ဖြစ်တဲ့အတွက် စနစ်တကျသုတေသနလုပ်ပြီးတော့ သဘောတူညီချက်တွေ ယူရပါမယ်။ ဒီလိုမျိုး ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

 ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရဖြစ်သော၊ အရေးပါသော အဆောက်အဦများအပြင် နေရာများ၊ လမ်းများတွင် မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြား များ တပ်ဆင်ခဲ့ပြီး အင်းလျားကန်ဘောင်တွင်လည်း ကမ္ဗည်းပြား တပ်ဆင်နိုင်ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

“ကမ္ဗည်းပြားတွေက အတိတ်နဲ့ ပစ္စုပ္ပန် ချိတ်ဆက်ပေးတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီဟာတွေကတစ်ဆင့် ကျွန်တော်တို့ သမိုင်းကို ပြည်သူတွေက လေ့လာနိုင်တယ်။ သွားရင်းလာရင်းနဲ့လည်း မြို့ရဲ့သမိုင်းကြောင်းကို တစ်စိတ်တစ်ဒေသ ပိုပြီးသိလာမယ်။ ဒါတွေက အများပြည်သူ မြင်နိုင်တဲ့ နေရာမှာပဲ မိုးဒဏ်၊ လေဒဏ်လဲ ခံနိုင်တဲ့ ကမ္ဗည်းပြားတွေ ဖြစ်တဲ့အတွက်၊ နောက်အပြင်မှာပဲ တပ်ထားတာဖြစ်တဲ့အတွက် သွားရင်း၊ လာရင်း နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ နေရာတစ်ခုရဲ့သမိုင်းကို သေချာသိနိုင်မယ်လို့ ယူဆပါတယ်” ဟု ဦးသူရိန်အောင်က ပြောသည်။

မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးထိုး ထားပြီး ၂၉ ခုမြောက် တပ်ဆင်ခဲ့သော ကမ္ဗည်းပြားကို ဗဟိုအမျိုးသမီးဆေးရုံတွင် တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly