PPST ဖွဲ့စည်းပုံပြင်ဆင်ပြီး အဖွဲ့ခေါင်းဆောင်ပိုင်းများ ပြန်လည်ရွေးချယ်ရန်ရှိ

PPST ဖွဲ့စည်းပုံပြင်ဆင်ပြီး အဖွဲ့ခေါင်းဆောင်ပိုင်းများ ပြန်လည်ရွေးချယ်ရန်ရှိ

ရန်ကုန်၊ မေ ၈ ။      ။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှ ခေါင်းဆောင်းများဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်ရေးဆွဲပြီး ခေါင်းဆောင်ပိုင်း များကို လည်းပြန်လည်ရွေးချယ်ရန်ရှိနေသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္စျိမသို့ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ငါးရက်ကြာပြုလုပ်ရန်ရှိနေသည့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် ပြန်လည်ပြင်ဆင်၊ ရွေးချယ်သွားရန်ဖြစ်ကြောင်းလည်း သိရသည်။

“ ကိုယ်စားလှယ်တွေလည်းပြန်ဖိတ်ခေါ်မယ်။ အဲ့ကိုယ်စားလှယ်တွေထဲကနေလည်း အဖွဲ့ခေါင်းဆောင် ကို ပြန်ရွေးမယ်။ ခါတိုင်းက တစ်ဖွဲ့ လျှင်တစ်ဦးကျစီစုဖွဲ့တာ။ အခုကျတော့ တစ်ဖွဲ့လျှင် နှစ်ဦးကောင်းမလားလို့ စဉ်းစားချက်တွေရှိတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထို့အပြင် အဖွဲ့ခေါင်းဆောင်နှင့် ဒုတိယအဖွဲ့ခေါင်းဆောင်နေရာ တာဝန်ထမ်းဆောင်သူများ အနေဖြင့် နှစ်အကန့်အသတ်ဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်စေရန် စဉ်းစားချက်မျိုးလည်း ရှိနေကြကြောင်း ၎င်းကဆိုသည်။

အဖွဲ့ခေါင်းဆောင်နေရာအတွက် ရွေးချယ်ရာတွင် အဖွဲ့ကိုကြည့်၍ ရွေးချယ်မည်မဟုတ်ဘဲ EAOs-NCA တိုင်းရင်းသားလက်နက်ကိုင်များမှ တင်သွင်းလာသည့် ကိုယ်စားလှယ်များ၏ အရည်အချင်းနှင့် အတွေ့ အကြုံပေါ်မူတည်ကာ ရွေးချယ်သွားမည်ဖြစ်သောကြောင့် မည်သူက အဖွဲ့ခေါင်း ဆောင် ဖြစ်လာနိုင်သည်ကို ပြော၍ မရသေးကြောင်း သိရသည်။

လာမည့်ထိပ်သီးအစည်းအဝေးတွင် အဆိုပါကိစ္စရပ်များသာမကဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း အကြေအလည် ဆွေးနွေး ရမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောသည်။

လက်ရှိတွင် အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူထားခဲ့သည့် အပစ်ရပ် ၁၀ ဖွဲ့တွင် အင်အားအကြီးဆုံး အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် KNU နှင့် RCSS တို့မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီးရွက်စစ်တို့သည် PPST ကိုယ်စား လှယ် လွှဲပြောင်းမှုအဖြစ် KNU အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမှူးနှင့် RCSS/SSA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောင်ခေး တို့ကို ပြီးခဲ့သည့်အစည်းအဝေးတွင် အစား ထိုးခဲ့ကြသည်။

PPST အဖွဲ့သည် လူကို ဦးမတည်ဘဲ မူကိုဦးတည် ဆောင်ရွက်မည်ဖြစ်၍ ဦးဆောင်သူများ အပြောင်းအလဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ရိုက်ခတ်မှုရှိလိမ့်မည် မဟုတ်ဟု လည်း KNU နှင့် RCSS တို့မှပြောဆိုထားသည်။

PPST သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရနှင့် အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ညှိနှိုင်း ပြောဆိုရန် နှင့် အနာဂတ် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ချိန်အတွင်း အပစ်ရပ်အဖွဲ့များအတွက် နိုင်ငံရေး အရ ဦးဆောင်ပေးနိုင်ရန်ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly