ဖေါင်ပေါ်ကဆည်းဆာ၊ ဖေါင်ပေါ်က ဘဝများ

ဖေါင်ပေါ်ကဆည်းဆာ၊ ဖေါင်ပေါ်က ဘဝများ

စက်လှေဆရာ  ကိုထွန်းခင်က စက်လှေကို ဖေါင်ပေါ်အိမ်နှစ်လုံးဆီ ဦးတည်ပြီးမောင်းတဲ့အခါ ဖေါင်ပေါ်အိမ်တစ်လုံးထဲက မိန်းကလေးတစ်ဦး ခေါင်းငုံ့ပြီး အပြင်ဘက်ဖေါင်ပေါ်ထွက်ရပ်လေသည်။  
ကျနော်တို့ရဲ့စက်လှေက ထိုမိန်းကလေးရပ်နေရာဖေါင်ဘေးတွင် အရှိန်သပ်ပြီးရပ်လိုက်၏။ ထိုစဉ်မှာပင် အိမ်ကလေးရဲ့ပြတင်းပေါက်တွင် လူတစ်ယောက်ထိုင်နေသည်ကိုတွေ့ရ၏။ မိန်းကလေးမှာ အသက်၁၄ နှစ်ခန့်အရွယ်ဖြစ်ဟန်တူပြီး ပြတင်းပေါက်ကလူမှာ အသက်၅၀ ခန့်ရှိမည်ထင်ရ၏။ သူတို့နှစ်ယောက်စလုံးက ကိုထွန်းခင်ကို ဆီးကြိုနှုတ်ဆက်ကြ၏။

ကျနော်တို့အားလုံး ဖေါင်ပေါ်တက်လိုက်ကြသောအခါ မလှမ်းမကမ်း ဘေးချင်းယှဉ်ရှိနေသည့်ဖေါင်ပေါ်အိမ်ထဲက အရပ်အမောင်းကောင်းကောင်းလူတစ်ယောက်ထွက်လာကာ ကိုထွန်းခင်ကို လှမ်းပြီးနှုတ်ဆက်၏။ ကိုထွန်းခင်က ဧည့်သည်တွေကို အလည်ရောက်ဖူးအောင် လိုက်ပို့တဲ့အကြောင်း လှမ်းပြောလိုက်၏။ ကျနော်တို့ရောက်လာမည်ကို ဖုန်းဖြင့်ကြိုတင်ပြောဆိုထားခြင်းမရှိသည့်အတွက် ကိုထွန်းခင်ကို ၀ိုင်းပြီးအပြစ်တင်နေကြ၏။ ဧည့်သည်တွေကို အထူးအထွေဧည့်ခံစရာမရှိလို့ အားနာတဲ့အကြောင်းလည်း ပြောနေကြသေး၏။ ကျနော်တို့အားလုံး တဲထဲဝင်ထိုင်လိုက်သောအခါ ဟိုဘက်ဖေါင်က အရပ်အမောင်းကောင်းသူလည်း လှေတစ်စင်းဖြင့် ကျနော်တို့ဘက်သို့ ကူးလာလေသည်။

တဲပေါ်တွင် အိမ်ရှင်မိသားစုကော၊ ကျနော်တို့ ငါးယောက်ကော အတူထိုင်မိကြသောအခါ ကျနော်က အိမ်ရှင်များကို အကျိုးအကြောင်းရှင်းပြရလေသည်။ ကျနော်တို့အားလုံး အလည်လာခြင်းဖြစ်ကြောင်း ကျနော်တို့အထဲမှာ ရန်ကုန်က သတင်းထောက်တစ်ဦးလည်းပါလာကြောင်း၊ ဖေါင်ပေါ်အိမ်မိသားစုများအကြောင်း လေ့လာရင်း မှတ်တမ်းဗီဒီယိုလေးလည်း ရိုက်ချင်ပါကြောင်း၊ ဖြစ်နိုင်ရင် တစ်ညအိပ်တည်းခိုချင်ပါကြောင်း ရှင်းပြရ၏။ တဲရှင်မိသားစုအားလုံး ပျော်တပြုံးပြုံးဖြစ်သွားကြလေသည်။ မိသားတစ်စုလုံး တက်တက်ကြွကြွ ဖြစ်သွားကြလေသည်။

ကျနော်တို့ရောက်သွားသည့်အချိန်က ညနေပိုင်း နေအတော်စေါင်းမှဖြစ်သဖြင့် သူတို့ခဗျာ ကမန်းကတန်း ချက်ကြပြုတ်ကြရတော့၏။ ကျနော်တို့ကလည်း တဲပေါ်တွင်အနားယူရင်း တဲရှင်အိမ်ထောင်ဦးစီးဖြစ်သူ ဦးတေဇနှင့် စကားဝိုင်းဖွဲ့ကြ၏။

ဦးတေဇတို့မိသားစုမှာ မြစ်ဝကျွန်းပေါ် လပွတ္တာဘက်ကဖြစ်ကြ၏။ မိသားစုဝင် ငါးဦးရှိ၏။ သားအကြီးဆုံးမှာ ကပ်လျက်ဖေါင်ပေါ်အိမ်တွင်နေထိုင်ပြီး အိမ်ထောင်ရှင်ဖြစ်သည့်အကြောင်း အသက် ငါးနှစ်အရွယ် သမီးလေးတစ်ဦးရှိကြောင်း၊ မိန်းမဖြစ်သူမှာ ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက သည်မှာမနေချင်ဘူးဟုဆိုကာ မိသားစုကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ မိသားစု စားဝတ်နေရေးအဓိကအလုပ်မှာ ငါးရှာငါးဖမ်းဖြစ်ကြောင်း ရှင်းပြပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကတည်းက အိမ်ရှေ့မြောင်ရွာအနီး လာရောက်နေထိုင်ကြပြီး အိမ်ရှေ့မြောင်ဆရာတော်ကို ကိုးကွယ်ကြကြောင်း၊ အိ်မ်ရှေ့မြောင်ရွာ ငါးဒိုင်မှာပဲ နေ့စဉ်ငါးသွားသွင်းကြရကြောင်း ရှင်းပြကြပါတယ်။

ကျနော်တို့ကလည်း လာဖို့အစီစဉ်မရှိလို့ မိသားစုအတွက် ဘာမှအထူးအထွေလက်ဆောင်ပေးစရာမပါလို့အားနာတဲ့အကြောင်း၊ ဆည်ကြီးထဲလိုက်ကြည့်ရင်းက ကိုထွန်းခင်နဲ့ အကျိုးအကြောင်း စကားစပ်မိပြီး ဦးတေဇတို့ဆီမှာ လာရောက်လေ့လာဖို့၊ တစ်ညအိပ်တည်းခိုပြီး ဗီဒီယိုရိုက်ကူးဖို့ တဆက်တည်းစဉ်းစားပြီးမှ ရောက်လာကြခြင်းဖြစ်ကြောင်း ရှင်းပြကြရပါတယ်။

ကျနော်တို့အားလုံးက စကားပြောလိုက် တဲရှေ့ထွက်ရပ်ပြီး ညနေဆည်ဆာကို ဓါတ်ပုံရိုက်လိုက်လုပ်နေကြသလို အိမ်ရှင်မိသားစုကလည်း ဧည့်သည်တွေအတွက် ချက်ကြပြုတ်ကြနဲ့ အလုပ်ရှုပ်ကုန်ပါတယ်။
ဦးတေဇက ဧည့်ခန်းခေါင်းရင်းဘက်မှာ ဆင့်ပြီးတင်ထားတဲ့ ခါးဝက်မရှိတရှိ ဆောင်းပေါက်နှစ်ခုကို အပြင်ဘက်ဖေါင်ပေါ်ကို ရွှေ့လိုက်ပါတယ်။ ပြီး အသံနည်းနည်းစမ်းပြီး တီဗွီဖွင့် ကာရာအိုကေ ဆိုပါတော့တယ်။ ချက်ချင်းဆိုသလို ဘယ်ကဘယ်လိုရောက်လာတယ်မသိပါဘူး ကလေးတသိုက်က လှေကလေးတွေနဲ့ ကျနော်တို့ဖေါင်ဆီရောက်လာကြပြီး တဲကလေးမှာ လူအုပ်နှင့် ထိုင်စရာမရှိလောက်အောင် ပြည့်ညပ်သွားပါတယ်။ ဆောင်းပေါက်နှစ်လုံးက ဖွင့်လိုက်တဲ့ သီချင်းသံက ခပေါင်းဆည်ကြီးထဲ အတော်ဝေးဝေးအထိ လွင့်ပျံနေပါတော့တယ်။

ဖေါ်ရွေတဲ့ အိမ်ရှင်မိသားစုက ပျော်ရွှင်တက်ကြွနေကြတာမို့ ကျနော်တို့လည်း ပျော်ရွှင်လာကြရပါတယ်။ ဦးတေဇက သူကိုယ်တိုင် ကာရာအိုကေသီချင်း ဒိုင်ခံ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုနေပါတော့တယ်။ သူတို့အခြေအနေကိုကြည့်ပြီး ပျော်ရွှင်တတ်တဲ့မိသားစုဖြစ်မှန်း ကျနော်တို့တွေ့လာရပါတယ်။ အသက် ၅၀ ခန့်အရွယ် ဦးတေဇရဲ့ဇနီးက အနည်းငယ်ဝပါတယ်။ အပျိုဖေါ်ဝင်ကာစ သမီးလေးကလည်း အသားဖြူဖြူ ရုပ်ရည်သန့်ပြန့်ပြီး တပြုံးပြုံးနဲ့ ဦးတေဇနဲ့ သူ့မိခင်ကိုဝိုင်းကူပြီး အလုပ်လုပ်ပေးပါတယ်။ သေချာတာကတော့ အခုလိုမြို့ကဧည့်သည်မျိုး တစ်ခါမှ သူတို့ဆီလာမလည်ဘူးသေးဘူးဆိုတာ သိသာနေပါတယ်။ မိသားတစ်စုလုံး ဧည့်သည်တွေလာမယ်ဆိုတာ မသိရလို့ ဖွယ်ဖွယ်ရာရာ ဧည့်မခံနိုင်တာကိုပဲ အားနာတဲ့အကြောင်း တတွတ်တွတ်ပြောနေကြပါတယ်။

ကျနော်တို့အထဲက မနေခြည်ချိုနဲ့ ကိုမြတ်ထက်ထွန်းတို႕လည်း အလုပ်ရှုပ်ကုန်ကြပါတယ်။ မိသားတစ်စုလုံးရဲ့ လှုပ်ရှားလုပ်ကိုင်သွားလာနေကြတာတွေကို ဗီဒိီယိုရိုက်ကြပါတယ်။ ဦးတေဇ ကာရာအိုကေသီချင်းဆိုတာကိုလည်း ရိုက်ကြပါတယ်။ ဒီနေရာတဝိုက် ပတ်ဝန်းကျင်ရှုခင်းတွေကိုလည်း အဆက်မပြတ် ရိုက်ကူးကြပါတယ်။

ညနေ နေဝင်ကာနီးလေ ဆောင်းပေါက်ကဖွင့်တဲ့ မနောရဲ့သီချင်းသံက ပိုပြီး အသံကျယ်လာပါတော့တယ်။ ခပေါင်းဆည်ကြီးထဲကိုလည်း နေရောင်ခြည်တွေ တဖြေးအိုမင်းရင့်ရော်လာပါတယ်။ အမှောင်ထုကြီးက ခပေါင်းဆည်ကြီးထဲ တဖြေးဖြေးရောက်လာနေပါတော့တယ်။    ။

ဆက်လက်ဖတ်ရှုပါရန်…။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly