ဆေးခြောက်ပင်စိုက်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများကို ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ

ဆေးခြောက်ပင်စိုက်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများကို ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ
  (ဓာတ်ပုံ- ဘိုဘို/မဇ္ဈိမ)

ငါန်းဇွန် (မေလ ရရက်၊ ၂၀၁၉ခုနှစ်)။      ။ ဆေးခြောက်ပင်စိုက်ပျိုးသည်ဟုဆိုကာ မူးယစ်ဆေးဝါးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦး စုစုပေါင်း ၄ဦးအနက် လတ်တလော ဖမ်းမိထားသည့် ၃ဦးကို မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တရားရုံးတွင် မေလ ၇ ရက်က ဒုတိယအကြိမ်မြောက် ရုံးထုတ်ပြီး ချုပ်ရက်ရမန်ယူခဲ့သည်။

 မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်း၊ အမှတ်(၂)လုပ်ကွက်အတွင်းရှိ 3M Glabal Nutracetical Company ၏ စိုက်ခင်း ဧက ၂၀ တွင် ဆေးခြောက်ပင်များစိုက်ပျိုးထားသည်ဟုဆိုကာ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းပြီး စိုက်ခင်းပိုင်ရှင် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် စိုက်ခင်းတာဝန်ခံ မြန်မာနိုင်ငံသားနှစ်ဦးကို မူးယစ်ပုဒ်မများဖြင့် ရဲက အမှုဖွင့်ဖမ်းဆီးထားခြင်း ဖြစ်သည်။

 ငါန်းဇွန်မြို့နယ်၊ တရားသူကြီး ဦးဇော်မင်းဦးက “ဥပဒေနဲ့အညီဖြစ်တဲ့အတွက် ချုပ်မိန့် ခွင့်ပြုပေးလိုက်တာ” ဟုဆိုကာ “ရဲလုပ်ငန်းပြီးစီးရင်တော့ သာမန်အားဖြင့် ခရိုင်တရားရုံးဖြစ်တဲ့ မြင်းခြံခရိုင်တရားရုံးမှာ တရားစွဲရမှာ ဖြစ်တယ်” ဟု သတင်းထောက်များကို ပြောသည်။

 3M Glabal Nutracetical Company တာဝန်ရှိသူများက အဆိုပါ ဆေးခြောက်များမှာ မူးယစ်ဆေးဝါး (Marijuana) မဟုတ်ဘဲ ချည်မျှင်နှင့် ဆေးဖက်ဝင်အဆီထုတ်လုပ်နိုင်သော ဆေးခြောက်လျှော်(Hemp)များဖြစ်ကြောင်း ဖြေရှင်းထားသည်။

 မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကမူ အဆိုပါ စိုက်ခင်းသို့ သွားရောက်စစ်ဆေးရာတွင် ဆေးခြောက် အပင်ပေါင်း ၃၄၉,၂၉၀ ခန့်၊ ပျိုးပင် ၅၂ဝဝ ခန့်ရှိပြီး ဆာလာအိတ် ၁၉ အိတ်အတွင်းမှ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလို၊ ဖန်ပုလင်းအတွင်းမှ ဆေးခြောက်အဆီ ၁,၈၀၄ ဂရမ်နှင့် ဆက်စပ်ပစ္စည်းတချို့ကို တွေ့ရှိရသည်ဟု ဧပြီလ ၂၄ရက်က သတင်းထုတ်ပြန်ခဲ့သည်။

 ယင်းနောက် စိုက်ခင်းပိုင်ရှင်များဖြစ်သည့် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki ၊ Mr. John Fresric Todoroki နှင့် စိုက်ခင်းတာဝန်ခံ ကိုရှိုင်းလတ်၊ မရွှမန်းလဲ့မြတ်နိုးတို့ကို       မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)/၁၉(က) /၂၀(က) /၂၁ တို့ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

 လက်ရှိတွင် Alexander ဆိုသူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

 “ဆေးခြောက် မျိုးနွယ်ဝင်ဆိုရင် မူးယစ်ဆေးဝါး ရာခိုင်နှုန်း ဘယ်လောက်ပါလည်းဆိုတာတော့ သူတို့(ရဲတပ်ဖွဲ့) အတည်ပြုသင့်နေပြီ” ဟု 3M Glabal Nutracetical Company ၏ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက ပြောသည်။

 ၎င်းက ဆက်လက်ပြီး “အဲ့အဖြေ မသိရမချင်း ဒီလူတွေက အဖမ်းခံထားရမှာလား။ အဲ့အဖြေကို ရှာပေးဖို့က သူတို့တာဝန်လေ။ အဲ့ဒီ ရာခိုင်နှုန်း မပါဘဲနဲ့ စွဲတင်မယ်ဆိုရင် ဥပဒေထဲမှာ ဆေးခြောက်ပင်နွယ်ဝင်ဖြစ်ရင် ထောင်ချရမယ်ဆိုတာ မရှိဘူး” ဟု ယနေ့ ရုံးထုတ်အပြီးတွင် ပြောကြားသည်။

 ၎င်းတို့ လေးဦးကို စွဲဆိုထားသည့် ပုဒ်မများအရ ၁၆(က) ဆေးခြောက်စိုက်ပျိုးမှု၊ ၁၉(က) ရောင်းဝယ်ရန်အလို့ငှာ လက်ဝယ်ထားရှိမှု၊ ၂၀(က) ထုတ်လုပ်ဖြန့်ဖြူးမှု၊ ၂၀(ခ) မူးယစ်ဆေးဝါးကို ပြည်ပတင်သွင်း/တင်ပို့မှု၊ ၂၁ မူးယစ်လုပ်ငန်းများကို စီမံခန်ခွဲကာ ငွေကြေးထောက်ပံ့မှုတို့ ဖြစ်ပြီး ပြစ်ဒဏ်အားဖြင့် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ နှစ်အကန့်အသတ်မရှိ ကျခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly