နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှာ လေးလခွဲသာ ကြာမည်ဟု ဒေါက်တာဝင်းမြတ်အေးပြော

နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှာ လေးလခွဲသာ ကြာမည်ဟု ဒေါက်တာဝင်းမြတ်အေးပြော
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ မေ ၇ ။            ။ ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာမည့် ဒုက္ခသည်များကို ပြန်လည်စိစစ်မည့်  နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှာ အချိန်ကာလအားဖြင့် လေးလခွဲခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောသည်။

ရန်ကုန်မြို့ ParkRoyal ဟိုတယ်၌ မေလ ၇ ရက်နေ့ ကပြုလုပ်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းများအား ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီအစီအစဉ်ကိုဆောင်ရွက်ရင် ဘယ်လောက်ကြာမှာလည်းလို့မေးရင်တော့ တကယ့်လုပ်ငန်းစဉ်က ၄ လခွဲပဲကြာတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

သို့သော်လည်း စိစစ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အချက်အလက်မစုံလင်၍ ပြန်မေးရခြင်း၊ ရက်ပြန်ချိန်း ရခြင်းများကြောင့်လည်း ကြန့်ကြာမှုများရှိနိုင်ကြောင်း ၎င်းကဆိုသည်။

“အဲ့တော့ စိစစ်တဲ့ကတ်တွေ ကျွန်တော်တို့ဆီမှာရှိပြီးမှ ပြန်ခေါ်တဲ့အခါ မလာတာတွေလည်းအများကြီးရှိတယ်။ အဲ့တော့ ဒီကာလကတော့ ၄လခွဲကနေ ၆ လအထိကြာနိုင်တယ်။ တကယ်တမ်းဆောင်ရွက်သူတွေ တကယ်လိုချင်တဲ့အပေါ်မှာမူတည်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အဆိုပါ ကိစ္စကို မြန်မာအစိုးရအနေဖြင့် တတ်နိုင်သမျှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ တိုက်တွန်း အားပေးကူညီနေသောကြောင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှာ အဆင်ပြေစွာဆောင်ရွက်နိုင်မည်ဟုလည်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ပြန်ဝင်လာသည့်သူများတွင် သက်သေခံကတ်ပြားရှိပါက NVC ကတ်ကိုကိုင်ဆောင်ကာ လုပ်ငန်းစဉ် အစအဆုံး စောင့်ဆိုင်းစရာ လိုမည်မဟုတ်ဘဲ အထောက်အထားမရှိသူများသာ လုပ်ငန်းစဉ် တောက်လျောက်တွင် ဝင်ရောက် စိစစ်ခံရမည်ဟုလည်းပြည် ထောင်စုဝန်ကြီးကဆိုသည်။

“ နိုင်ငံသားဖြစ်မှုအတွက် အစလမ်းစဉ်ဖြစ်ပြီးတော့ အင်မတန်ကို အကျိုးရှိတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော် တို့ကလည်း တကယ့်ကို ညီညွှတ်တဲ့ သူကိုပေးချင်နေတာ နိုင်ငံသား။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ စိစစ်ပြီးတကယ်ရသွားနိုင်တဲ့သူတွေ အများကြီးရှိပါတယ်” ဟု ၎င်းကပြောသည်။

NVC ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ လက်ရှိ ကာယကံရှင်များ၏ မိဘဘိုးဘွားဇစ်မြစ်များကို စစ်ဆေး သွားမည့်အပြင် နိုင်ငံသားအဆင့်ကို လျှော့ချလိုက်တာမျိုးမဟုတ်ကြောင်း လူမှုဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဘက်မှလည်း ပြောဆိုထားသည်။

ထို့အပြင် NVC ဆိုသည်မှာ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ အထောက်အထား တစ်ခုခုရရှိရန် လျှောက်ထားစဉ် ကနဦးထုတ်ပေးထားသော တိုကင်လက်မှတ်သဘောသာဖြစ်ပြီး အဆင့်အတန်း သတ်မှတ် ထားခြင်းလည်း မဟုတ်ဟု အစိုးရဘက်မှပြောဆိုထားသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ဒုက္ခသည်စခန်းများမှ လူအများစုအပါအဝင် နှစ်နိုင်ငံ နယ်နမိတ်မျဉ်းအနီး နေထိုင်ကြသူများမှ ၎င်းတို့သည် မြန်မာနိုင်ငံသားများဖြစ်ပြီး အထောက်အထားရှိသည့်အတွက် NVC ကို အလိုမရှိဟုလည်း ပြောဆိုထားသည်။

မြန်မာအစိုးရဘက်ကတော့ ပြန်လည်ဝင်ရောက်လာမည့်သူများကို တောင်ပြိုလက်ဝဲနှင့် ငါးခူရဂိတ်စခန်းတို့၌ လက်ခံမည်ဖြစ်ပြီး လှဖိုးခေါင်ကြားစခန်းမှာ စိစစ်ရန် ယာယီ ၂ လ နေထိုင်ခွင့်ပြုပြီးမှ အခြားနေရာဒေသများမှာ နေရာချထားပေးမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာမည့် ဒုက္ခသည်များကို ၂၀၁၉ခုနှစ် ဇန်နဝါရီလကတည်းက ပြန်လာရန် နှစ်နိုင်ငံ သဘောတူညီထားသော်လည်း ဇူလိုင်လဆန်းပိုင်းအထိ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည် ဝင်ရောက် လာသူများ မရှိကြသေးဘဲ အစိုးရချင်း ပြန်လှန်ဆွေးနွေးနေရဆဲလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly