အီရန်ကို သတိပေးရန် အမေရိကန်က လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ်တပ်ဖွဲ့ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်

အီရန်ကို သတိပေးရန် အမေရိကန်က လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ်တပ်ဖွဲ့ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်

မေ ၇  ။             ။ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တဲ့ အရိပ်အယောင်တွေ ပြသနေတဲ့ အီရန်နိုင်ငံကို ရှင်းလင်းပြတ်သားသော သတင်းစကားတစ်ခု ပေးရန် အမေရိကန်က ယင်းရဲ့ လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်ရေးအုပ်စုတစ်ခုကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်တပ်ဖြန့်ထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိအားပေးမှုတွေကြောင့် နျူကလီးယားသဘောတူညီချက်အောက်က ကတိကဝတ်တွေကို တီဟီရန်ဘက်က ပြန်လည်ရုပ်သိမ်းမှုတွေ လုပ်တော့မယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်ပြီးနောက် ခုလို ၀ါရှင်တန်ဘက်က လေယာဉ်တင်သင်္ဘောစေလွှတ်ပြီး အီရန်ကို သတိပေးလိုက်ခြင်း ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် နှစ်ဘက်အကြား ပဋိပက္ခတိုက်ပွဲတွေ ဖြစ်လာမယ့်အပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာနေလျက် ရှိပါတယ်။

လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်း နဲ့ တိုက်ခိုက်ရေးအုပ်စုကို အီရန်အနီး ရေပြင်တစ်နေရာမှာ တပ်ဖြန့်ထားဖို့ ၎င်းက အတည်ပြုခွင့်ပြုလိုက်တာဖြစ်ကြောင်း အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က ပြောပါတယ်။

ဒါဟာ အီရန် အစိုးရ တပ်တွေဘက်က ယုံကြည်ရလောက်တဲ့ ခြိမ်းခြောက်မှု လုပ်လာနိုင်တဲ့ အရိပ်အယောင်တွေ ပြသနေရတာကို တုန့်ပြန်တဲ့အနေနဲ့ ခုလို တပ်ဖြန့်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ရန်စတဲ့ အပြုအမူအားလုံး ရပ်ဆိုင်းဖို့ အီရန်အစိုးရကို ကျွန်တော်တို့ ပြောကြားလိုပါတယ်၊ ဒီလိုမှ မဟုတ်ပဲ အမေရိကန်တပ်ဖွဲ့ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေအပေါ် တိုက်ခိုက်လာမယ်ဆိုရင် အီရန်အစိုးရပဲ တာဝန်ခံရပါလိမ့်မယ်” လို့ ရှာနာဟန်က တွစ်တာကနေတဆင့် ပြောသွားပါတယ်။

ယင်းဒေသတွင်း တပ်ချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေအပေါ် အီရန်ဘက်က တိုက်ခိုက်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ ပြောကြားချက်တွေ ထွက်ပေါ်ပြီးနောက် ခုလို အမေရိကန်ဘက်က လေယာဉ်တင်သင်္ဘော စေလွှတ်ခြင်းဖြစ်တယ်လို့လည်း အမည်မဖော်လိုသူ အမေရိကန်အရာရှိကြီးတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly