ဘာသာအချင်းချင်းအကြား ငြိမ်းချမ်းသောဘဝများ ကြိုးပမ်းတည်ဆောက်ရန် လိုအပ်နေပြီ

ဘာသာအချင်းချင်းအကြား ငြိမ်းချမ်းသောဘဝများ ကြိုးပမ်းတည်ဆောက်ရန် လိုအပ်နေပြီ
ဓာတ်ပုံ - HEIN HTET/EPA

နေပြည်တော်၊ မေလ ၇ ။              ။ မတူကွဲပြားသော ဘာသာအချင်းချင်းအကြား အပြန်အလှန်နားလည်မှု၊ လေးစားယုံကြည်မှုများကို တည်ဆောက်ပြီး ငြိမ်းချမ်းသောဘဝများ ကြိုးပမ်းတည်ဆောက်ရန် လိုအပ်နေပြီဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

"ယနေ့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များဟာ ဘာသာတရား၏ အဆုံးအမများကို လိုက်နာခံယူပြီး ညီညွတ်ငြိမ်းချမ်းသော လူ့ဘောင် ဘဝ တည်ဆောက်နိုင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ပိုမိုတိုးတက်ခိုင်မာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ မတူညီကွဲပြားသော ဘာသာဝင်များအကြား အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှုများ တည်ဆောက်ပြီး ငြိမ်းချမ်းလုံခြုံ သာယာသော လူ့ဘောင်ဘဝတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်"ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ယနေ့ မေ ၇ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ အကြံပြုစကားဝိုင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်းတွင်လည်း နေထိုင်ကြသည့် မတူကွဲပြားသည့်ဘာသာအချင်းချင်းကြားတွင် အပြန်အလှန် နားလည်ယုံကြည်မှုများကို ထားရှိကာ လူနေမှုဘဝကို မြှင့်တင်ရန်၊ ဘာသာရေးပဋိပက္လများ မဖြစ်ပွားစေရန် ကာကွယ်တားဆီးရေး၊ ပဋိပက္ခများကြောင့် ဒုက္ခရောက်သူများကို ကူညီစောင့်ရှောက်ပြီး ပြန်လည် ထူထောင်ပေးရန်၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာလည်း မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို သွန်သင်ချက်များနဲ့ အညီ အပြန်အလှန် လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်း ဆက်လက်တိုက်တွန်းပြောကြားခဲ့သည်။

“ကိုးကွယ်မှုဘာသာတရားတိုင်းမှာ လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမယ့် လူ့ဘောင်လောကကြီး အေးချမ်းသာယာစေမယ့် အဆုံးအမတရားများ၊ လမ်းညွှန်ချက်များ၊ နည်းပေးလမ်းပြလိုက်နာစေရန် သွန်သင်ချက်များ ပါရှိကြတဲ့အတွက် ဘာသာတရားများဟာ တရားမျှတမှု၊ လူသားတို့ရဲ့ ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာစောင့်ထိန်းမှု စတဲ့ လောကပါလတရားများကို ထွန်းကားစေဖို့ဖြစ်ပါတယ်။ ဘာသာတရားရဲ့ သွန်သင်ဆုံးမမှုများက လူသားတို့၏စိတ်နှလုံးကို ရင့်ကျက်သိမ်မွေ့စေပြီး ငြိမ်းအေးမှုကို ပေးစွမ်းနိုင်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အဆိုပါ အကြံပြုစကားဝိုင်းဆွေးနွေးပွဲကို မေ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပညာရေးကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ လူငယ်ကဏ္ဍ၊ လူနည်းစုအရေး၊ ရခိုင်ပြည်နယ်၏ ဘုံစိန်ခေါ်ချက်များဟု၍ အဓိက (၅) ချက်ကို စုဖွဲ့ပြီးဆွေးနွေးကြမည် ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ဘာသာပေါင်းစုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၊ဒုတိယ သမ္မတများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘာသာပေါင်းစုံအကြီးအကဲများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြသည်။

 ပြီးခဲ့သည့်၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၁ နှင့်၂၂ ရက်က နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ တွင် ဘာသာပေါင်းစုံဆွေးနွေးပွဲကျင်းပခဲ့ပြီး ယမန်နှစ်ကလည်း အလားတူခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဘာသာရေးကို အကြောင်းပြသော ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ရခိုင်ပြည်နယ်၌ ရဲစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး ဘင်္ဂါလီမွတ်စလင် သိန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့ပြီးနောက် မတူညီသော အသိုင်းအဝိုင်းနှစ်အကြား မယုံကြည်မှုများ ၊ တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly