မြိတ်တွင် သုံးဘီးဆိုင်ကယ် ကယ်ရီ ပြေးဆွဲသူများ အလုပ်ဖြစ်နေ

မြိတ်တွင် သုံးဘီးဆိုင်ကယ် ကယ်ရီ ပြေးဆွဲသူများ အလုပ်ဖြစ်နေ

မြိတ်၊ မေ (၇) ။        ။ မြိတ်မြို့တွင် သုံးဘီးဆိုင်ကယ်များဖြင့် ကယ်ရီပြေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်သူများ အလုပ်အကိုင် အဆင်ပြေ လာကြောင်း သိရသည်။

 “ကျွန်တော်တို့ မြို့မှာက ဆိုင်ကယ် ကယ်ရီ ပြေးဆွဲခြင်းလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်း ပြုသူတွေ အများ ကြီး ရှိပါတယ်။ အခု ဆိုရင် မြိတ်ဒေသမှာ ကျွန်းခရီးလုပ်ငန်းတွေ နာမည်ရပြီးနောက် သုံးဘီး ဆိုင်ကယ် တွေ အစားထိုး ဝင်ရောက်လာရာမှ ခရီးသွား ဧည့်သည်တွေလည်း ဒီယာဉ်တွေကို စီးနင်းမှုတွေ များလာသလို မြို့ခံ တွေလည်း အလုပ်အကိုင်တွေ ရလာကြတယ်”ဟု ဧည့်လမ်းညွန်လုပ်ငန်းနှင့်သုံးဘီး ဆိုင်ကယ် ပြေးဆွဲနေသူ မြိတ်ဒေသခံ ဦးနီတွတ်က ပြောသည်။

၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းက မြိတ်မြို့တွင် သုံးဘီးဆိုင်ကယ်များ အနည်းအကျဉ်းသာ ပြေးဆွဲခဲ့သော်လည်း ယခုနှစ် ခရီးသွားရာသီတွင် ဧည့်သည်များ စီးနင်းမှုများ ရှိလာရာမှ လူသိများလာကြောင်း သုံးဘီး ဆိုင်ကယ် မောင်းသူများထံမှ သိရ သည်။

 “မြိတ်ဒေသကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကတော့ နောက်ပိုင်း ကျရင်တော့ ဆိုင်ကယ်တွေကို စီးတာထက် SAVE ဖြစ်တဲ့ ဒီ သုံးဘီး ဆိုင်ကယ်တွေကိုပဲ အများဆုံး စီးလာကျမယ်ဆိုတာ  ယုံကြည်တယ်”လို့ ဦးနီတွတ် ထပ်လောင်း ပြောဆိုသည်။

 အဆိုပါ သုံးဘီး ဆိုင်ကယ်များသည် လက်ရှိမြိတ်မြို့တွင် အစီးရေ ၁၀၀ မှ ၁၅၀ ကြား အထိ ရှိကြောင်းသိရ သည်။

 “အခြား မြို့နယ်တွေက လာတဲ့ဧည့်သည်တွေက သုံးဘီးဆိုင်ကယ်နဲ့ သိပ်မစိမ်းကြပါဘူး။ အများစုက စီးကြပါတယ်၊ ဒါပေမယ့် နယ်ခံတွေကတော့ အခုချိန်အထိ မစီးရဲကြသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သုံးဘီး ဆိုင်ကယ်က စျေးပိုကြီးမယ် ထင်လို့ မစီးကျသေးတာ ဖြစ်တယ်”လို့ ဆိပ်ငယ် ဘောတံတား အနီး သုံးဘီး ဆိုင်ကယ် ပြေးဆွဲသူ ဦးဇေယျာလှိုင်က ရှင်းပြသည်။

သုံးဘီး ဆိုင်ကယ် များကို ၁ နာရီလျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး လူဦးရေနှင့် ခရီးစဉ် အပေါ် မူတည်၍ စျေးနှုန်းများ အပြောင်းအလွှဲ ရှိကြောင်း ငှားရမ်းမှုတွင် ခရီးသည်နှင့် ကယ်ရီသမား နှစ်ဦးနှစ်ဘက် ညှိနှိုင်း၍ အဆင်ပြေစေရန် ပို့ဆောင်ပေးနေကြောင်း သိရသည်။

ဆိုင်ကယ် မြို့တော်ဟု တင်စား ခံရသည့် တနင်္သာရီတိုင်း မြိတ်မြို့သည် ယခင်က ဆိုင်ကယ်များကို အများဆုံး စီးနင်းသည့်မြို့ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် နောက်ပိုင်း မြို့ပေါ်တွင် သန့်ရှင်းသာယာ လှပရေးနှင့် ရပ်ကွက် အများစု တွင် AC နိုင်လွန်ကတ္တရာလမ်းများနှင့် ကွန်ကရစ် လမ်းများ ခင်းကျင်းခဲ့ကာ လမ်းများ ကောင်းမွန် လာပြီး နောက် အိမ်စီးကားများ အပြင် အခြားသော ယာဉ် အမျိုးမျိုးကို စီးနင်းမှုများလာကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly