နိုင်ဂျာမှာ ဆီတင်ကား တိမ်းမှောက်ရာ လူအများက ဆီ လာခပ်ယူကြချိန် ပေါက်ကွဲမှုဖြစ်ပြီး လူ ၅၀ ကျော် သေဆုံး

နိုင်ဂျာမှာ ဆီတင်ကား တိမ်းမှောက်ရာ လူအများက ဆီ လာခပ်ယူကြချိန် ပေါက်ကွဲမှုဖြစ်ပြီး လူ ၅၀ ကျော် သေဆုံး

နီယာမေး၊ မေ ၇ ။         ။ နိုင်ဂျာနိုင်ငံ မြို့တော် နီယာမေးမှာ ဆီတင်ကားတစ်စီး တိမ်းမှောက်ပြီး လူအုပ်က ဆီတွေ လာခပ်ယူကြချိန် ပေါက်ကွဲမှုဖြစ်ရာက လူပေါင်း ၅၅ ဦး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေနဲ့ မျက်မြင်တွေက မေ ၆ ရက်က ပြောပါတယ်။

နီယာမေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နားက လမ်းပေါ်မှာ ခုလို ပေါက်ကွဲမှုဖြစ်ပြီး ဆီတင်ကားရဲ့ အပျက်အစီီးအပိုင်းအစတွေနဲ့ မော်တော်ဆိုင်ကယ်တွေရဲ့ အပျက်အစီးတွေ လမ်းပေါ် ပြန့်ကျဲနေတာ မြင်တွေ့ရပါတယ်။

အနီးနားက အိမ််တွေလည်း မီးကူးစက်လောင်ကျွမ်းကာ ပျက်စီးခဲ့ပါတယ်။

ဒီပေါက်ကွဲမှုမှာ သေဆုံးသူက ၅၅ ဦး ရှိပြီး ဒဏ်ရာရသူ ၃၆ ဦး ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

“အဲဒီ တိမ်းမှောက်တဲ့ ဆီတင်ကားနားမှာ ဆိုင်ကယ်သမားတွေနဲ့ လူအုပ်လိုက် ရှိနေချိန် ရုတ်တရက်ထပေါက်ကွဲတာပါ။ ရုပ်အလောင်းတွေ ၄၀ လောက်ကို ကျွန်တော် မြင်တွေ့ရတယ်။”လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

ဆီတင်ကားဆီကနေ ဖိတ်ကျလာတဲ့ ဆီတွေကို လူတွေက ခပ်သယ်ဖို့ ကြိုးစားချိန်မှာ ပေါက်ကွဲမှု ဖြစ်တာလို့ မျက်မြင်တွေက ပြောပါတယ်။

“သန်းခေါင်မတိုင််မီမှာ ဖြစ်တာပါ။ ကျွန်တော် သွားကြည့််တော့  ဆီတင်ကား တိမ်းမှောက်နေတယ်။ အဲဒီမှာ လူတွေက ဆီတွေကို သယ်ယူနေချိန် ပေါက်ကွဲတာပဲ။ မီးတစ်ဟုန်းဟုန်း တောက်လောင်တာကို ကျွန်တော် မျက်စိရှေ့တင် မြင်တွေ့နေရတယ်။”လို့ ကောလိပ်ကျောင်းသားတစ်ဦးကလည်း ပြောပါတယ်။

နိုင်ဂျာနိုင်ငံဟာ အနောက်အာဖရိက ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိမ်နီးချင်း နိုင်ဂျီးရီးယားကနေ ဆီမှောင်ခိုကုန်ကူးမှုတွေ ရှိိနေတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly