မီလန်မြို့မှာ ပြုလုပ်မယ့် ၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲမှာ အမျိုးသမီးဆု (၂)မျိုး ထပ်တိုးချီးမြှင့်မည်

မီလန်မြို့မှာ ပြုလုပ်မယ့် ၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲမှာ အမျိုးသမီးဆု (၂)မျိုး ထပ်တိုးချီးမြှင့်မည်
Photos: FIFA & EPA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲကို အီတလီနိုင်ငံ၊ မီလန်မြို့မှာ ပြုလုပ်သွားမှာဖြစ်သလို အမျိုးသမီးဆု (၂)မျိုး ထပ်တိုးချီးမြှင့်သွားမယ်လို့ သိရပါတယ်။

ဖီဖာဟာ ကမ္ဘာ့အကောင်းဆုံး The Best ဆုကို ၂၀၁၆ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပထမဆုံး ဆုပေးပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ပြုလုပ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၇ နဲ့ ၂၀၁၈ အတွက် ဆုပေးပွဲတွေကို လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၃ ရက်၊ မီလန်မြို့မှာ ပြုလုပ်မယ့် The Best ဆုပေးပွဲမှာ အမျိုးသားနဲ့ အမျိုးသမီးကြား ဆုအမျိုးအစား တစ်တန်းတည်း တူညီအောင် ပေးသွားမှာဖြစ်ပါတယ်။

အဲဒီဆုတွေမှာ အကောင်းဆုံး အမျိုးသမီးဂိုးသမားဆုနဲ့ အကောင်းဆုံး အမျိုးသမီးအသင်း (FIFA FIFPro Women's World XI)ဆုတို့ဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၁၉ ခုနှစ် The Best ဆုပေးပွဲမှာ ချီးမြှင့်မယ့် ဆုအမျိုးအစားမှာ (၁၁)မျိုးအထိရှိလာမှာဖြစ်ပါတယ်။

“ဒီဆုနှစ်မျိုးကို အမျိုးသမီးဘောလုံးအတွက် ပေးအပ်ချီးမြှင့်ဖို့ မိတ်ဆက်လိုက်တာက ပိုကောင်းတဲ့အချိန်လားဆိုတာကိုတော့ ကျနော်မပြောတတ်ပါဘူး။”လို့ ဖီဖာရဲ့ လက်ထောက်အတွင်းရေးမှူး ဘိုဘင်က ပြောပါတယ်။

ဒီနှစ်မှာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြင်သစ်နိုင်ငံမှာ ဇွန်လ ၇ ရက်နေ့ကနေ စတင်မှာဖြစ်ပါတယ်။

၂၀၁၈ The Best ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို မိုဒရစ်က ဆွတ်ခူးခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို မာတာက ရရှိခဲ့ပါတယ်။

အကောင်းဆုံး ဂိုးသမားဆုကို ကော်တိုရစ်၊ အကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီးနည်းပြဆုကို ဒက်စ်ချမ့်စ်နဲ့ ရေးနော့ဒ်ပီဒရို့စ်တို့က အသီးသီးရရှိခဲ့ပါတယ်။

ဖီဖာက တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနာမည်နဲ့ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သီးခြား ချီးမြှင့်ခဲ့ပေမယ့် ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ ပူးပေါင်းပြီး FIFA Ballon d'Or (ဘလွန်းဒီအော်)နာမည်နဲ့ ကမ္ဘာ့အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဖီဖာက ၂၀၁၆ ခုနှစ်အစောပိုင်းမှာတော့ ပြင်သစ်မဂ္ဂဇင်းနဲ့ လမ်းခွဲလိုက်ပြီး The Best နာမည်နဲ့ ဆက်လက် ချီးမြှင့်သွားခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၉ The Best ဆုပေးပွဲမှာ ချီးမြှင့်မယ့် ဆုအမျိုးအစား (၁၁) မျိုး

  • The Best FIFA Men’s Player
  • The Best FIFA Women’s Player
  • The Best FIFA Men’s Coach
  • The Best FIFA Women’s Coach
  • The Best FIFA Men’s Goalkeeper
  • The Best FIFA Women’s Goalkeeper*
  • FIFA FIFPro Men’s World11
  • FIFA FIFPro Women’s World11*
  • The FIFA Puskás Award
  • The FIFA Fair Play Award
  • The FIFA Fan Award

*အသစ်ထည့်သွင်းချီးမြှင့်တဲ့ ဆု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly