AA နှင့်ပတ်သက်မှုမရှိဟုဆိုကာ ကျောက်တန်းရွာသား ၁၇၄ ဦး လွတ်မြောက်လာ

By စိုးသူအောင်
07 May 2019
AA နှင့်ပတ်သက်မှုမရှိဟုဆိုကာ ကျောက်တန်းရွာသား ၁၇၄ ဦး လွတ်မြောက်လာ

ရန်ကုန်၊ မေ ၇ ။          ။ တပ်မတော်မှ စစ်ဆေးနေသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသားများထဲမှ ၁၇၄ ဦးမှာ AA အဖွဲ့နှင့် ဆက်စပ်မှု မရှိဟုဆိုကာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော်မှသိရသည်။

ဧပြီ ၃၀ ရက်နေ့က ကျောက်တန်းကျေးရွာမှ အသက် ၁၅ နှစ် မှ ၅၀ နှစ်အတွင်း ရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိရသောကြောင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ဆောင်ရွက်နေကြောင်း တပ်မတော်ဘက်မှ မေလ ၁ ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းတို့အနက်မှ ၁၂၆ ဦးကို AA နှင့်ပတ်သက်မှုမရှိဟု ဆိုကာ စစ်ဆေးတွေ့ရှိသဖြင့် မေလ ၃ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ပြီး မေလ ၆ ရက်နေ့တွင်လည်း ၄၈ ဦးကိုလည်း တပ်မတော်မှ ထပ်မံလွှတ်ပေးခဲ့သည်။

“၄၈ ယောက်ကိုပြန်လွှတ်ပေးလိုက်ပါတယ်။ မနေ့က ၃ နာရီခွဲလောက်က။ အချိန်တန်ရင်တော့ တရားဝင် ပြောပေးပါ့မယ်။ ဘယ်နှစ်ယောက် AA နဲ့ဆက်စပ်မှုရှိလဲ။ ဘယ်သူကတော့ ဆက်စပ်မှုမရှိဘူးဆိုတာတော့ တရားဝင်ထုတ်ပြန်ပေးပါ့မယ်” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက မဇ္စျိမသို့ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင်ပြောသည်။

 ထို့ကြောင့် စစ်ဆေးခံနေရသည့် လူဦးရေ စုစုပေါင်း ၂၇၅ဦးထဲမှ မေလ ရရက်နေ့အထိ ၁၇၄ ဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ပြီး ၁၀၁ ဦးမှာ စစ်ဆေးနေဆဲဖြစ်သည်။

“အတက်နိုင်ဆုံးတော့ ကျွန်တော်တို့က အမြန်ဆုံးလွှတ်ပေးနိုင်အောင် စစ်ဆေးနေပါတယ်ခင်ဗျ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးကဆိုသည်။

ကျောက်တန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ နံနက်အစောပိုင်း၌ ထိန်းသိမ်းထားသူများမှ လုံခြုံရေးတပ်ဖွဲ့များအားအန္တရာယ်ပြုလာသည့်အနေအထားဖြစ်သောကြောင့် ပစ်ခတ် လူစုခွဲခဲ့ရာ အရပ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ထိဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

ထို့ကြောင့် AA အဖွဲ့နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထားသော ကျောက်တန်းကျေးရွာရှိ ရွာသားများထဲမှ အပြစ်မရှိသည့်သူများကို အမြန်ဆုံးလွှတ်ပေးရန် တပ်မတော်တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စစ်တွေနှင့် ရသေ့ တောင်မြို့နယ်တို့မှ ဆရာတော်ကြီး ၇ ပါးက မေလ ၆ ရက်နေ့က မေတ္တာရပ်ခံထားသည်။

ရခိုင်ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ တပ်မတော်နှင့် AA အကြား ဖြစ်ပွားလာသော တိုက်ပွဲများအတွင်းစစ်ဘေးဒုက္ခသည် ၃၅၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly