အကျဉ်းသား ၆၅၀၀ ကျော် လွှတ်လိုက်သည့် သမ္မတ လွတ်ငြိမ်းတွင် ရိုက်တာသတင်းသမားများ ပါဝင်

အကျဉ်းသား ၆၅၀၀ ကျော် လွှတ်လိုက်သည့် သမ္မတ လွတ်ငြိမ်းတွင် ရိုက်တာသတင်းသမားများ ပါဝင်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဧပြီ ၇ ။          ။ မေလ ၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွှတ်ပေးခဲ့သူ လူ ၆၀၀၀ ကျော်အနက် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး၊ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင်မိုးအောင်ရင်လည်း ပါဝင်ခဲ့သည်။

“ထောင်ထဲမှာ ရှိနေတုန်း ဘေးကနေ ကူညီပေးကြတဲ့ ကျွန်တော်တို့လွတ်မြောက်ရေးအတွက် ကူညီပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်၊ သတင်းခန်းကို ပြန်သွားဖို့ မစောင့်နိုင်တော့ပါဘူး” ဟု သတင်းထောက်ကိုဝလုံးက ထောင်က လွတ်လာပြီးချိန်တွင် ပြောဆိုခဲ့သည်။

နိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင် ၊ အကျဉ်းစခန်း အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူပေါင်း ၆၅၀၀ ကျော်ကို ယနေ့ လွှတ်ပေးလိုက်ခြင်း ဖြစ်ပြီး လွတ်ငြိမ်းတတိယအကြိမ် ဖြစ်သည်။

ရိုက်တာသတင်းထောက်များ ပြန်လွှတ်ပေးခဲ့ခြင်းအပေါ် ကုလသမဂ္ဂမှ ကြိုဆိုကြောင်း စာထုတ်ပြန်ခဲ့ပြီး အသွင် ကူးပြောင်းရေးကာလတွင် မြန်မာနိုင်ငံကို ဆက်လက် ထောက်ပံ့ပေးသွားမည်ဟု ပါရှိခဲ့သည်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အနေနှင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေး နှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားတဲ့အနေနှင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန်အတွက် လည်းကောင်း  အကျဉ်းသားပေါင်း ၆၅၂၀ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်ခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည်ဟု ယနေ့ သမ္မတရုံးအမိန့်စာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင်လည်း အကျဉ်းသားပေါင်း ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကို ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ဧပြီ ၂၆ ရက်နေ့တွင် နိုင်ငံသားအကျဉ်းသား ၆၉၄၈ ဦးကို ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်အတွင်း ပြန်လွှတ်ပေးခဲ့သည့် အကျဉ်းသားပေါင်း ၂၃၀၀၀ ကျော် ရှိခဲ့ပြီး ယင်းတို့အထဲတွင် နိုင်ငံရေး အကျဉ်းသားအချို့လည်း ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly