ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကြင်ရာတော် သားတော်လေး မွေးဖွား

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကြင်ရာတော် သားတော်လေး မွေးဖွား

လန်ဒန်၊ မေ ၇ ။        ။ ဗြိတိန်မင်းသား ဟယ်ရီရဲ့ ကြင်ရာတော် မီဂန်မာကဲလ်ဟာ မေ ၆ ရက် တနင်္လာနေ့မှာ သားတော်လေးကို အောင်မြင်စွာ ဖွားမြင်ခဲ့ပါတယ်။

ခုချိန်မှာ မိခင်ရော၊ ကလေးပါ ကျန်းမာစွာ ရှိနေကြောင်း၊ ၎င်းကိုယ်တိုင်လည်း အလွန် စိတ်လှုပ်ရှားပျော်ရွှင်နေကြောင်း ဟယ်ရီက ဗြိတိန် တီဗီ သတင်းဌာနတွေထံ ပြောကြားသွားပါတယ်။

ဆူးဆက်စ်နယ်စားကတော်ရဲ့ ခုလို တော်ဝင်သားတော် ဖွားမြင်တာအတွက် ပြည်သူတွေနဲ့ ခရီးသွားဧည့်သည် ရာပေါင်းများစွာဟာ ဘက်ကင်ဟမ်နန်းတော်ရှေ့မှာ လာရောက်စုရုံးခဲ့ကြပါတယ်။

သားတော်လေးကို ညနေ ၅ နာရီ ၂၆ မိနစ်မှာ ဖွားမြင်တာဖြစ်ပြီး ကိုယ်အလေးချိန် ၇ ပေါင် ၃ အောင်စရှိပြီးမိခင်ရော ကလေးပါ ကျန်းမာကြောင်း နန်းတော်က ထုတ်ပြန်ပါတယ်။

ဟယ်ရီနဲ့ မီဂန်တို့ရဲ့ ရင်သွေး သားယောက်ျားလေးတော့ ဗြိတိန် ထီးနန်းဆက်ခံမှု ဇယားမှာ နံပါတ် ၇ နေရာမှာ ရှိမှာဖြစ်ပါတယ်။

 
ဆူးဆက်စ်နယ်စား ဟယ်ရီနဲ့ ကြင်ရာတော် မီဂန်တို့ဟာ ခုလို သားတော်လေး မွေးဖွားလာတဲ့အချိန်အတွက် ကူညီထောက်ပံ့ပြီး ဆုမွန်ကောင်း တောင်းပေးကြပြီး မိသားစုနဲ့အတူ စိတ်လှုပ်ရှား ပျော်ရွှင်ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ခုလို တော်ဝင်မင်းသား ဟယ်ရီတို့ မောင်နှံ ရင်သွေးလေး မွေးဖွားခဲ့တဲ့အတွက် ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ်နဲ့ တော်ဝင်မိသားစုတွေ အပါအဝင် ဗြိတိန် နိုင်ငံသူ နိုင်ငံသားတွေလည်း ဝမ်းမြောက် ဝမ်းသာဖြစ်နေကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly