ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၇ ဦးကို တပ်မတော်ဘက်မှ ပုဒ်မ ၅၀၅(က)ဖြင့် ထပ်မံအမှုဖွင့်

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၇ ဦးကို တပ်မတော်ဘက်မှ ပုဒ်မ ၅၀၅(က)ဖြင့် ထပ်မံအမှုဖွင့်

ရန်ကုန်၊ မေ ၆ ။         ။ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၇ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တပ်မတော်ဘက်မှ ဗိုလ်တထောင်တွင် ထပ်မံအမှုဖွင့်လိုက်သဖြင့် မေ ၆ ရက်နေ့၊ ညနေပိုင်းတွင် သံချပ်အဖွဲ့ဝင်များက ဗိုလ်တထောင်မြို့မရဲစခန်းသို့ သွားရောက်ခဲ့ကြသည်။

ယင်းသို့ ထပ်မံအမှုဖွင့်လိုက်သည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးတွင် လက်ရှိ မရမ်းကုန်းမြို့နယ်တရားရုံးတွင် အဆိုပါ ပုဒ်မ- ၅၀၅(က)ဖြင့်ပင် အမှုရင်ဆိုင်နေရသည့် ကိုဇေယျာလွင် အပါအဝင် ၅ ဦးလည်း ပါဝင်နေသည်။

လက်ရှိတွင် ဗိုလ်တထောင်၌ ၆၆ (ဃ) ဖြင့် အမှုဆိုင်နေရသည့် ကျန်သည့် ၂ ဦးဖြစ်သော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်တို့ကိုပါ ၅၀၅ (က) ဖြင့် ထည့်သွင်းစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် မေ ၆ ရက်နေ့၊ ညနေပိုင်းတွင် ဗိုလ်တထောင်မြို့မရဲစခန်းသို့ ၎င်းတို့ ၂ ဦး သွားရောက်ခဲ့ကြသည်။

ယနေ့ည ၇ နာရီကျော်ခန့်တွင် ဗိုလ်တထောင်မြို့မရဲစခန်းမှ ရဲစခန်းအာမခံအနေဖြင့် အမှုဖွင့်ခံရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်တို့ကို မေ ၁၇ ရက်နေ့အထိ အချုပ်လွတ် အာမခံ ပေးလိုက်သည်။

တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ တန် ခံဝန်သူ ၂ ဦး ( စုစုပေါင်း ကျပ်သိန်း ၂၀၀) ဖြင့် ရဲစခန်းမှ အာမခံ ပေးလိုက်ခြင်း ဖြစ်ပြီး လာမည့် မေ ၁၇ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးသို့ ပြန်လည်ချိန်းဆိုထားကာ အဆိုပါ အချုပ်လွတ်အာမခံမှာ မေ ၁၇ ရက်နေ့အထိသာဖြစ်ကြောင်းသိရသည်။

မေ ၃ ရက်နေ့ကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်ပြီး  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်အပါအဝင် မရမ်းကုန်းမြို့နယ် တရားရုံးတွင် လက်ရှိ တရားရင်ဆိုင်နေရသည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းတို့ ၇ ဦးကို ဗိုလ်တထောင်မြို့မရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသည်။

ယင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားမှုအတွက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်တို့ ၂ ဦးကို ဗိုလ်တထောင်မြို့မရဲစခန်းမှ တစ်ဦးလျှင် ကျပ်သိန်း ၁ဝဝ တန်၊ ခံဝန်သူနှစ်ဦး( စုစုပေါင်း ကျပ်သိန်း ၂ဝဝ တန်) ဖြင့် အချုပ်လွတ်အာမခံပေးထားသည်။

လက်ရှိ ဗိုလ်တထောင်မြို့မရဲစခန်းတွင် တပ်မတော်ဘက်မှ ထပ်မံအမှုဖွင့်ထားခြင်းမှာ ဧပြီလ ၁၃ ရက်နေ့၊ (သင်္ကြန်အကြိုနေ့) ညပိုင်းက ရန်ကုန်မြို့ ၄၇ လမ်းထိပ်တွင် ဖျော်ဖြေခဲ့သည့် သရုပ်ပြမှုများကြောင့်ဖြစ်သည်ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့သည် ဧပြီ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) ညပိုင်းက ရန်ကုန်မြို့ ၄၆ လမ်းရှိ ဗမာသစ်မဏ္ဍပ်တွင် လာရောက်ဖျော်ဖြေခဲ့သော်လည်းဖျော်ဖြေခွင့်မရရှိသောကြောင့် ၄၇ လမ်းထိပ်တွင်သာ ဖျော်ဖြေခဲ့ပြီး ယင်းဖျော်ဖြေမှုတွင် တပ်မတော်နှင့် ပတ်သက်သည့် သရုပ်ပြမှုများပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly