NCA ထိုးရန် ဆက်ကြိုးစားသွားမည်ဟု KNPP ဆို

NCA ထိုးရန် ဆက်ကြိုးစားသွားမည်ဟု KNPP ဆို
KNPP  ဒုဥက္ကဋ္ဌ ခူဦးရယ်နှင့် KNPP အဖွဲ့တို့ NRPC နှင့် ၂၀၁၉ ခုနှစ်၊ မတ် ၁၈ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ-EPA

ရန်ကုန်၊ မေ ၆ ။      ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုး နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု အစိုးရနှင့် တွေ့ဆုံဆွေးနွေးအပြီး KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် နဲနယ်ပလိုးက မဇ္စျိမသို့ဖြေကြားလိုက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန ( NRPC ) ၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP )တို့သည် မေလ (၆) ရက်နေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ Famous ဟိုတယ် တွင် ဆွေးနွေးအပြီး ဖုန်းဖြင့်ဆက်သွယ်မေးမြန်းစဉ် ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

“NCA လက်မှတ်ရေးထိုးနိုင်ရေးကတော့ ကျွန်တော်တို့ဆက်လက်ညှိနှိုင်းရင်းကြိုးပမ်း သွားမှာပါ။ လောလော ဆယ် ညှိနှိုင်းမှုတွေပြေလည်တဲ့အထိတော့ စောင့်ရမှာပေါ့။ ဆက်ပြီးကြိုးစားဖို့ရှိပါသေးတယ်”  ဟု ပြောခွင့်ရပုဂ္ဂိုလ် နဲနယ်ပလိုးကဆိုသည်။

သို့သော် အဆိုပါအစည်းအဝေးတွင် NCA ရေးထိုးရန်ကိစ္စကို အဓိကဆွေးနွေးခဲ့ခြင်းမျိုးမရှိသော်လည်း ဆက်စပ်ကိစ္စရပ်အနေဖြင့် သာဆွေးနွေး ခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။

“နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေရော၊ စစ်ရေးတင်းမာမှုတွေ၊ စစ်ရေးအရ ရင်ဆိုင်မှုတွေဖြစ်နေတဲ့ကိစ္စ အားလုံးကိုကြည့်ရမှာပေါ့။ KNPP တစ်ဖွဲ့ထဲမဟုတ်ဘူးပေါ့နော်။ တခြားမထိုးရသေးတဲ့အဖွဲ့တွေလည်း အဲ့တာတွေက စိန်ခေါ်မှုတွေဖြစ်စေတာပေါ့” ဟု နဲနယ်ပလိုးကပြောသည်။

ဆွေးနွေးပွဲအတွင်း သဘောတူညီချက်အနေဖြင့် KNPP နှင့် အစိုးရအဖွဲ့ဝင်များ လစဉ်ပုံမှန် အစည်း အဝေးပြုလုပ်နိုင်ရေး သဘောတူညီခဲ့ကြကြောင်းလည်း သိရသည်။

ထိုလစဉ်အစည်းအဝေးများမှတစ်ဆင့် ကယားပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများဆွေးနွေး ခြင်းမျိုးပြုလုပ်သွားကြမည် ဟုလည်း KNPP ဘက်မှပြောသည်။

အလားတူ နောက်ထပ်ဆွေးနွေးပွဲများအတွက် ရက်အတိအကျသတ်မှတ်ခဲ့ခြင်းမျိုးမရှိခဲ့သော်လည်း အပြန်အလှန် ဆွေးနွေးသတ်မှတ်နိုင်ရေး ရက်ညှိနှိုင်းသွားမည်ဟုလည်း KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် နဲနယ်ပလိုးကဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) သည် NCA မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် များထဲတွင် တပ်မတော်နှင့် ထိတွေ့မှု အနည်းဆုံး လက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သည်။

ထို့အပြင် KNPP သည် ၂၀၁၁ နိုဝင်ဘာလ ထိုင်းနိုင်ငံ ချင်းရိုင် ဆွေးနွေးပွဲအပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင် လာခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ( ၇ ) ရက်နေ့တွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လွိုင်ကော်မြို့မှာ ရေးထိုးထားသည်။

ယခုဆွေးနွေးပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊  KNPP  ဒုဥက္ကဋ္ဌ ခူဦးရယ် အပြင် NRPC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)တို့ပါဝင် ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly