အော်တိုမီးပွိုင့်များ စမ်းသပ်သည့်နေ့တွင် ယာဉ်ကြောကျပ်တည်းပါက ယာဉ်ထိန်းတပ်ဖွဲ့ ကူညီမည်

အော်တိုမီးပွိုင့်များ စမ်းသပ်သည့်နေ့တွင် ယာဉ်ကြောကျပ်တည်းပါက ယာဉ်ထိန်းတပ်ဖွဲ့ ကူညီမည်
Photo - The Global New Light of Myanmar Chat Conversation End Type a message...

ရန်ကုန်၊ မေ ၆ ။     ။ ရန်ကုန်မြို့ရှိ မီးပွိုင့် အားလုံးနီးပါးခန့်ကို လာမည့် မေ ၈ရက်နှင့် ၉ ရက်နေ့တို့တွင် အော်တိုစနစ်ဖြင့် စမ်းသပ် ထိန်းချုပ်သွားမည်ဖြစ်ပြီး ယာဉ်ကြောကျပ်တည်းမှုများရှိခဲ့ပါက ယာဉ်ထိန်းတပ်ဖွဲ့မှ ပါဝင်ကူညီမည်ဟု ရန်ကုန်တိုင်းယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး ရဲမှူးကြီးသိန်းဦးက ပြောသည်။

“ ဒါလည်း စမ်းသပ်တဲ့သဘောပါပဲ။ ပြည်သူတွေ ကြိုသိအောင် အသိပေးထားတဲ့သဘောပါပဲ။ နဂိုကလည်း ဒါ သုံးနေတာပဲ။ ဒါကတော့ ၁၅၁ ပွိုင့်လုံးကို Auto လွှတ်ထားပေးမှာပေါ့” ဟု ရဲမှူးကြီးသိန်းဦး က ပြောသည်။

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုအနက် ၁၅၁ ခုကို ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာမှနေ၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ စမ်းသပ်ထိန်းချုပ်မည်ဟု ကြေညာထားခြင်း ဖြစ်သည်။

“ အဲဒါတော့ စောင့်ကြည့်ရမှာပဲ။ အဆင်ပြေတယ်ဆိုရင်တော့ ပြီးရောပေါ့။ တအားကြီး ကြပ်တဲ့နေရာကြတော့ လည်း ကျွန်တော်တို့ယာဉ်ထိန်းနဲ့ ဆွဲထုတ်ပေးလိုက်မှာပေါ့။ အဲဒီနေ့ အသင့်စောင့်နေမှာပေါ့” ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ရဲမှူးကြီးသိန်းဦးက ပြောသည်။

မီးပွိုင့်များ အော်တိုစမ်းသပ်လည်ပတ်ခြင်းကို မေ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် နံနက် ၇ နာရီမှ ၁၀ နာရီ အထိ၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

စမ်းသပ်ထိန်းချုပ်မည့် မီးပွိုင့်များမှာ ယခင်စမ်းသပ်ခဲ့ဖူးသည့် ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်းနှင့် ဆရာစံပွိုင့် တို့မှ လွဲ၍ ကျန်မီးပွိုင့်များတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

မီးပွိုင့်များကို ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာမှတစ်ဆင့် တစ်ပြိုင်တည်း ထိန်းချုပ်လည်ပတ်ရန် လုပ်ဆောင်ခြင်း မှာ နည်းပညာဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီး၍ နောက်ဆုံးအဆင့် စမ်းသပ်ခြင်းဖြစ်ကြောင်း YRTA ထံမှ သိရသည်။

အဆိုပါ ဗဟိုထိန်းချုပ်ရေးစင်တာ တည်ဆောက်ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်ပြီဆိုပါက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းမှု၏ ၃၀ ရာခိုင်နှုန်းအထိ ဖြေလျော့ပေးနိုင်မည်ဟု လည်း YRTA ဘက်မှ ပြောဆိုထား သည်။

ရန်ကုန်မြို့ ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ်ကို ယခင်တိုင်းအစိုးရအဖွဲ့မှ တရုတ်အစိုးရပိုင် CRCC ကုမ္ပဏီနှင့် ရွှေယင်းကုမ္ပဏီအား ဖက်စပ်လုပ်ကိုင်ခွင့်ပေးထားခြင်း ဖြစ်ပြီး လက်ရှိတွင် YRTA အောက်တွင် လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယင်းသို့ အော်တိုမီးပွိုင့်စနစ်အား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် လုပ်ငန်းစတင်ရန်ရည်မှန်းထားခဲ့သော်လည်း သတ်မှတ်ကာလအတွင်းမပြီးစီးခဲ့ဘဲ ယခုကဲ့သို့ စမ်းသပ်ခြင်းဖြစ်ပြီး စနစ်အားလုံး အဆင်ပြေပါက တိုင်းအစိုးရထံ လွှဲပြောင်းသွားရန်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်း၊ ဟံသာဝတီအဝိုင်းတို့တွင်  YRTA မှ အော်တို မီးပွိုင့်စနစ် စမ်းသပ်ခဲ့သော်လည်း ကားများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required