တောင်တရုတ်ပင်လယ်မှာ အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းခုတ်မောင်းမှု တရုတ် ပြစ်တင်

တောင်တရုတ်ပင်လယ်မှာ အမေရိကန်စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းခုတ်မောင်းမှု တရုတ် ပြစ်တင်

မေ ၆ ။     ။ တောင်တရုတ်ပင်လယ်ပြင်တွင်းက အငြင်းပွားကျွန်းစုတွေအနီးမှာ မေလ ၆ ရက်က အမေရိကန် စစ်သင်္ဘောနှစ်စင်း ခွင့်ပြုချက် မတောင်းခံဘဲနဲ့ ဖြတ်သန်းခုတ်မောင်းသွားခဲ့တယ်လို့ တရုတ်တို့က ပြောကြားလိုက်ပါတယ်။

ဒါဟာ ယင်းဒေသတွင်း ပေကျင်းအစိုးရရဲ့ နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုထားမှုတွေအပေါ် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် စစ်ရေယာဉ်နှစ်စင်းဟာ စပရက်တလေ ကျွန်းစုအနီးက ဂါဗန်နဲ့ ချီဂွာ ကျောက်တန်းတွေနဲ့ ကပ်လျက် ရေပြင်ထဲ ဝင်ရောက်ခဲ့တဲ့နောက် ယင်း သင်္ဘောတွေ ချက်ချင်း ထွက်ခွာဖို့ တရုတ် ရေတပ်က ညွန်ကြားခဲ့ရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ လာမယ့် သောကြာနေ့မှာ တရုတ်ကုန်စည် ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် အခွန်တိုးကောက်မယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၅ ရက်မှာ ပြောဆိုခဲ့ပြီး နှစ်ဘက်ကုန်သွယ်ရေးတင်းမာမှု ပြန်ရေချိန်တက်လာချိန်မှာ ခုလို အမေရိကန်စစ်သင်္ဘောတွေ ခုတ်မောင်းမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

“ အမေရိကန်စစ်သင်္ဘောတွေရဲဲ့ ခုလုပ်ရပ်က တရုတ်ရဲ့ အချုပ်အချာ အာဏာကို ထိပါးစေပါတယ်၊ နောက်ပြီး ဒီ သက်ဆိုင်ရာ ဒေသရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကိုလည်း တိုက်စားစေပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကျန်ရူအန်းက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly