ကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်တွေအပေါ် အခွန်တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ကြေညာ

ကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်တွေအပေါ် အခွန်တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ကြေညာ

မေ ၆ ။      ။ ယခုသီတင်းပတ်ထဲမှာ ကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း အမေရိကန်ဘက်က ထပ်တိုးကောက်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၅ ရက်မှာ ကြေညာသွားခဲ့ပါတယ်။ နောက်ထပ် အခွန်အကောက်သစ်တွေလည်း ပြဋ္ဌာန်းမယ်လို့လည်း ပြောပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေဟာ တိုးတက်မှု အရမ်း နှေးနေတဲ့အတွက် ခုလို တရုတ်ကုန်စည်တွေအပေါ် အခွန်တိုးကောက်ရတာဖြစ်ကြောင်း ၎င်းက အကြောင်းပြချက် ပေးပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအကျော့ ဆွေးနွေးမှုတွေ လုပ်ဖို့ တရုတ် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခု ၀ါရှင်တန်ဆီ ယခုအပတ်ထဲ ရောက်လာဖို့ ရှိနေစဉ်မှာပဲ ခုလို ထရမ့်ရဲ့ အခွန်တိုးကောက်မယ့် ကိစ္စ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ အကြီးဆုံး  စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ကို ပြေငြိမ်းစေဖို့အတွက် နှစ်ဘက်အကြား အကြိတ်အနယ် ဆွေးနွေးနေကြလျက် ရှိစဉ်မှာပဲ ခုလို ထရမ့် ဘက်က တုန့်ပြန်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့ ဆယ်လမှာ တရုတ်တို့အနေနဲ့ နည်းပညာမြင့် ကုန်စည် ဒေါ်လာ ၅၀ ဘီလီယံဖိုးအတွက် အခွန် ၂၅ ရာခိုင်နှုန်း၊ နောက် အခြား ကုန်စည်  ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအတွက် အခွန် ၁၀ ရာခိုင်နှုန်း ဆိုပြီး အမေရိကန်ဘက်က ပေးနေပါတယ်၊ ခု လာမယ့် သောကြာနေ့မှာပဲ ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းကို တက်သွားပါတော့မယ်” လို့ ထရမ့် က ကြေညာသွားပါတယ်။

အဆိုပါ နှစ်နိုင်ငံအကြား ယမန်နှစ်ကစလို့ အပြန်အလှန် ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၃၆၀ ဘီလီယံတန်ဖိုးရှိ အခွန်တွေ စည်းကြပ်ပြဋ္ဌာန်းထားခဲ့တာဖြစ်ပါတယ်။

ခုလို ထရမ့်ဘက်က အခွန်တိုးကောက်ပြီး ဖိအားတွေ ပေးလာခဲ့သော်ငြား တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကတော့ ကုန်သွယ်ရေးဆွေးနွေးမှုလုပ်ဖို့ ၀ါရှင်တန်ဆီ လာရောက်ဖို့ ပြင်ဆင်နေလျက်ရှိကြောင်း တရုတ်အာဏာပိုင်တို့ဘက်က ပြောဆိုသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly