ရခိုင်အရေးအတွက် တင်သွင်းမည့် ကား(၅)စီး အခွန်ကင်းလွတ်ခွင့်ကိစ္စ တပ်မတော်သားကိုယ်စားလှယ် ထောက်ပြ

ရခိုင်အရေးအတွက် တင်သွင်းမည့် ကား(၅)စီး အခွန်ကင်းလွတ်ခွင့်ကိစ္စ တပ်မတော်သားကိုယ်စားလှယ် ထောက်ပြ
ပုံစာ- ဗိုလ်မှူး သူရိန်ဇော်(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်ရုံး)

နေပြည်တော်(မေလ ၆ ရက်၊ ၂၀၁၉ ခုနှစ်)။ ။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအတွက် ရုံးသုံးမော်တော်ယာဉ်များ တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်ရရှိရေး တင်ပြချက်အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဘက်လိုက်မှုများ ဖြစ်လာမည်ကို သတိပြုရန် ထောက်ပြလိုက်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ရုံးသုံးမော်တော် ယာဉ် (၅)စီး တင်သွင်းရာတွင် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့် ရရှိရေးကိစ္စနှင့် ပတ်သက်ပြီး မေလ ၆ ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသူရိန်ဇော်က ထောက်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအချို့တွင် လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် ဆောင်ရွက််လျက်ရှိသော ICRC အပါအဝင် လူမှုရေးအသင်းအဖွဲ့များ၏ ပစ္စည်းပိုင်ဆိုင်မှု၊ ဘဏ္ဍာရန်ပုံငွေပွင့်လင်းမြင်သာမှုနှင့် စာရင်းစစ်ဆေးခံနိုင်မှု ရှိ၊ မရှိ၊ ရရှိထားသည့် ဘဏ္ဍာရန်ပုံငွေ ၈၀ ရာခိုင်နှုန်းကျော်ကို လူထုအကျိုးပြုလုပ်ငန်းများတွင် သုံးစွဲခြင်း ရှိ၊ မရှိ စသည့် အချက်များအပေါ် မူတည်ကာ အခွန်ကင်းလွတ်ခွင့် ပြု၊ မပြု သတ်မှတ်ကြသည်ကို လေ့လာတွေ့ရှိရသည်ဟု ဗိုလ်မှူးသူရိန်ဇော်က လွှတ်တော်တွင် ပြောသည်။

“ထိုသို့ သတ်မှတ်ဆောင်ရွက်မှသာ အသင်းအဖွဲ့ ကြီးသည်/ငယ်သည်၊ နိုင်ငံတကာအသင်းအဖွဲ့ ဖြစ်သည်/ ပြည်တွင်း အဖွဲ့ဖြစ်သည်ဟူ၍ ခွဲခြားခြင်း မရှိတော့ဘဲ သတ်မှတ်ဈေးနှုန်းများအရသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက အခွန်ကင်းလွတ်ခွင့်ပေးခြင်းနှင့် အခြား အခွင့်အရေးများ ပေးအပ်ရာတွင် ဘက်လိုက်မှု၊ မညီမျှမှုများ ဖြစ်ပေါ်လာနိုင်မည်ကို သတိပြုရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ထောက်ပြသည်။

ICRC အဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်ရန် တင်သွင်း မည့် အမေရိကန်ဒေါ်လာ ၁၂၇,၈၇၉ ဒဿမ ၂၀ တန်ဖိုးရှိ တိုရိုတာလန်ခရူဇာ(Toyota Land Cruiser) (၅) စီး အတွက် အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုပါရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် တင်ပြလာခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဧပြီ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းတင်ပြထားသည်။

ဗိုလ်မှူး သူရိန်ဇော်ကမူ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော NGO အဖွဲ့ပေါင်း ၄၈၄၄ ဖွဲ့နှင့် INGO အဖွဲ့ပေါင်း ၁၈၃ ဖွဲ့ ရှိရာ ထိုအဖွဲ့များမှ ယခုကဲ့သို့ အခွန်ကင်းလွတ်ခွင့် တောင်းဆိုလာပါက မည်သို့ လုပ်ဆောင်မည်ကို မေးခွန်းထုတ်သည်။
ထို့ပြင် ယခုတင်ပြထားသည့် မော်တော်ယာဉ်(၅)စီး အခွန်ကင်းလွတ်ခွင့် တောင်းခံလာခြင်း ကိစ္စတွင် ကား အမျိုးအစားနှင့် ကားတန်ဖိုး စုစုပေါင်းသာ ပါရှိပြီး မော်ဒယ်လ်၊ ထုတ်လုပ်သည့်ခုနစ်၊ နိုင်ငံ၊ ဈေးကွက်အတွင်းရှိ အမှန်တစ်ကယ် ဈေးနှုန်း၊ ဆိပ်ကမ်းရောက်တန်ဖိုး၊ အခွန်ပေးဆောင်ရမည်ဆိုပါက နိုင်ငံတော်မှ ရရှိမည့် အခွန်ငွေ ပမာဏတို့ကို ထည့်သွင်းဖော်ပြပေးရန် လိုသည်ဟုလည်း လွှတ်တော်သို့ တင်ပြခဲ့သေးသည်။

“သို့မှသာ မိမိတို့ အနေဖြင့် ကင်းလွတ်ခွင့်ပြုပေးရသော ငွေကြေး ပမာဏနှင့် အခြားအခွင့်အရေးများ ပေးအပ်ရမှုသည် နိုင်ငံတော်မှ ပြန်လည်ရရှိနိုင်မည့် အကျိုးဖြစ်ထွန်းမှုများ၊ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်း မှုများကို ချိန်ဆနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ ပြည်ထောင်စုအစိုးရအဖွဲ့က ကုန်သွယ်လုပ်ငန်းခွန် ကင်း လွတ်ခွင့်ပေးခြင်း သို့မဟုတ် သက်သာခွင့်ပေးခြင်း ပြုလုပ်နိုင်သည့် ကိစ္စရပ်များအနက် ပုဒ်မခွဲငယ်(၁)တွင် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် လှူဒါန်းသည့် ကုန်စည်များဟု လည်းကောင်း၊ ပုဒ်မခွဲငယ်(၂)တွင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ နိုင်ငံတော်သို့ အထောက်အပံ့များအဖြစ် ပေးအပ်သော ကုန်စည်များဟု လည်းကောင်း ပြဋ္ဌာန်းထားသည်။

လှူဒါန်းခြင်း သို့မဟုတ် ထောက်ပံ့ခြင်း မဟုတ်ပါက တည်ဆဲကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုမည် မဟုတ်သည့်အပြင် တင်သွင်းလာမည့် မော်တော်ယာဉ်များသည် အထူး ကုန်စည်ခွန်တွင် အကျုံးဝင်သည့် ယာဉ်အမျိုးအသား ဖြစ်သဖြင့် အထူးကုန်စည်ခွန် ကျသင့်မည်ဟု စိစစ် တွေ့ရှိရကြောင်းလည်း စီမံ/ဘဏ္ဍာဒုဝန်ကြီးက လွှတ်တော်တွင် ပြောဆိုထားသည်။

သို့သော် ၂၀၁၈ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)၊ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်ဇယားအမှတ်စဉ် (၈၃)တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်က အခွန်ကင်းလွတ်ခွင့်ပြုနိုင်သည့် ကုန်စည်များဟု လည်းကောင်း၊ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်ကျသင့်သော အထူးကုန်စည် တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ ပြည်ထောင် စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြုနိုင်သည်ဟုလည်း ပြဋ္ဌာန်းပါရှိသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ဦးတီခွန်မြတ်က ထိုကိစ္စကို လာမည့် မေ ၉ရက်၊ ပြည်ထာင်စုလွှတ်တော် အစည်းအဝေးကြမှသာ ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly