သီရိလင်္ကာ အကြမ်းဖက်မှုအတွင်း သေဆုံးသွားတဲ့ သားသမီးသုံးဦးရဲ့ စျာပနပွဲကို ဝမ်းနည်းဖွယ် ကျင်းပပေးခဲ့ရတဲ့ Asos ဘီလျံနာ

သီရိလင်္ကာ အကြမ်းဖက်မှုအတွင်း သေဆုံးသွားတဲ့ သားသမီးသုံးဦးရဲ့ စျာပနပွဲကို ဝမ်းနည်းဖွယ် ကျင်းပပေးခဲ့ရတဲ့ Asos ဘီလျံနာ

ဗြိတိန် ဖက်ရှင်နဲ့ ကော်စမတ်တစ် လက်လီလုပ်ငန်းကုမ္ပဏီ Asos ရဲ့ အကြီးဆုံးရှယ်ယာရှင် ဒိန်းမတ် ဘီလျံနာ Anders Holch Povlsen ကတော့ ပြီးခဲ့တဲ့လတုန်းက သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း ၎င်းရဲ့ သားသမီး ရင်သွေး  သုံးဦးကို ဆုံးရှုံးလိုက်ရသူ ဖြစ်ပါတယ်။

ယင်း သီရိလင်္ကာ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း Asos ဘီလျံနာ Anders Holch Povlsen ရဲ့ သား Alfred ၊ သမီးနှစ်ယောက်ဖြစ်တဲ့ Alma နဲ့ Agnes တို့ ပါဝင်သေဆုံးသွားခဲ့ကြရပါတယ်။

မေလ ၄ ရက်နေ့မှာတော့ အဆိုပါ Asos ဘီလျံနာရဲ့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ သားသမီး သုံးဦးရဲ့ စျာပနပွဲအခမ်းအနားကို ဒိန်းမတ်နိုင်ငံ Aarhas မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယင်း အခမ်းအနားမှာတော့ ဘီလျံနာ Anders Holch Povlsen နဲ့အတူ ဇနီးဖြစ်သူ Anne နဲ့ သမီး Astrid တို့ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

အဆိုပါ စျာပနအခမ်းအနားကိုတော့ ဒိန်းမတ် တော်ဝင် မိသားစုဝင်တွေ၊ ဒိန်းမတ် ဝန်ကြီးချုပ် Lars Lokke Rasmussen တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ခုလို မိသားစုဝင် ရင်သွေး သုံးဦးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတဲ့အတွက် ခုချိန်မှာ ဖြေမဆည်နိုင်အောင် ဖြစ်နေရတယ်လို့ Mr. Povlsen က ပြောသွားပါတယ်။

Mr. Povlsen ကတော့ ၎င်းရဲ့ မိသားစုနဲ့အတူ ပြီးခဲ့တဲ့လတုန်းက သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက Shangri-La ဟိုတယ်မှာ ရောက်ရှိတည်းခိုခဲ့စဉ် အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ကြုံပြီး ခုလို သားသမီး သုံးဦးကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။

၎င်းတို့ ဇနီးမောင်နှံမှာ သားသမီး လေးဦးရှိတဲ့အနက် ယခုအခါမှာ တစ်ဦးပဲ သက်ရှိထင်ရှားရှိနေတော့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly