လောင်စာစွမ်းအင်အသုံးပြုမှု လျော့ချနိုင်ခြင်း ရှိမရှိနဲ့ ဘတ်စ်အော်ပရေတာတွေအတွက် ကုန်ကျမှု သက်သာမှုရှိမရှိ ဆန်းစစ်လေ့လာမှုပြုလုပ်ဖို့အတွက် စင်္ကာပူနိုင်ငံမှာ အမိုးပေါ် အသေးစား ဥယျာဉ်ခြံပါဝင်တဲ့ ဘတ်စ်ကား (၁၀) စီးကို အနည်းဆုံး (၃)လကြာ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
“Gardens on the Move” လို့ အမည်ပေးထားတဲ့ အပင်ငယ်တွေ စိုက်ပျိုးထားတဲ့ ဘတ်စ်ကားတွေကို အသစ်ဖွင့်လှစ်လိုက်တဲ့ Lakeside Graden မှာ ပြုလုပ်တဲ့ စင်္ကာပူဥယျာဉ်ပွဲတော်ဖွင့်ပွဲမှာ တနင်္ဂနွေနေ့ (မေ ၅ ရက်)က အခမ်းအနားဖြင့် ပြုလုပ်ခဲ့ပါတယ်။
ဘတ်စ်ကားအမိုးပေါ်မှာ စိုက်ပျိုးထားတဲ့ အပင်ငယ်တွေကို သမရိုးကျ မြေဆီလွှာနဲ့ မဟုတ်ဘဲ မိုးမျှော်တိုက်တွေမှာ စိမ်းလန်းအပင်တွေ စိုက်ပျိုးထားရှိတဲ့ ပေါ့ပါးတဲ့ မြေလွှာမျိုးကို အသုံးပြုထားပါတယ်။
ဘတ်စ်ကားတွေအပေါ် စိမ်းလန်းစိုပြည်တဲ့ အမိုးတပ်ဆင်ထားတာဟာ ဘတ်စ်ကားအတွင်း အပူချန်လျော့နည်းသွားခြင်း ရှိမရှိ၊ ဘတ်စ်ကား လေအေးပေးစက်အတွက် လောင်စာဆီ အသုံးပြုမှု လျော့ချနိုင်ခြင်း ရှိ မရှိနဲ့ ကုန်ကျစရိတ် သက်သာခြင်း ရှိမရှိတွေကို အတည်ပြုဖို့ အဆိုပါ ဘတ်စ်ကား (၁၀)စီးက ဆန်းစစ်လေ့လာသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဆန်းလေ့လာရန်အတွက် ဘတ်စ်ကားတစ်စီးစီရဲ့ အမိုးပေါ်က အနောက်ပိုင်းနေရာမှာ အပင်စိုက်ကွက်တွေကို တပ်ဆင်ထားထားကြောင်း သိရပါတယ်။
ဘတ်စ်ကား (၁၀)စီးဟာ Central Business District ကို ဖြတ်သန်းမယ့် လမ်းကြောင်းနဲ့ Orchard လမ်းကို ဖြတ်သန်းမယ့်လမ်းတို့အပါအဝင် လမ်းကြောင်း အများအပြား ပြေးဆွဲလိမ့်မယ်လို့ သိရပါတယ်။ ဘတ်စ်ကားခကိုတော့ ပုံမှန်ဘတ်စ်ကားတွေအတိုင်းသာ သတ်မှတ်ထားပါတယ်။
ဘတ်စ်ကားအမိုးပေါ်မှာ အပင်တွေ စိုက်ပျိုးထားရှိမှုကို Temasek Foundation က ထောက်ပံ့ပေးထားပြီး GWS Living Art က ဒီဇိုင်းဖန်တီးထားတာဖြစ်ပါတယ်။ တခြားမိတ်ဖက်တွေကတော့ Moove Media, National Parks Board နဲ့ Singapore Green Building Council တို့ ပါဝင်ပါတယ်။
Ref; Yahoo