မြိတ်မြို့တွင် ဟိန္ဒူဘာသာဝင်များ၏ ရိုးရာအပ်ထိုးပွဲနှင့် မီးနင်းပွဲတော် ကျင်းပ

မြိတ်မြို့တွင် ဟိန္ဒူဘာသာဝင်များ၏ ရိုးရာအပ်ထိုးပွဲနှင့် မီးနင်းပွဲတော် ကျင်းပ

မြိတ်၊ မေ (၆) ။     ။ မြိတ်မြို့တွင် ဟိန္ဒူဘာသာဝင်တို့၏ ရိုးရာအပ်ထိုးပွဲနှင့် မီးနင်းပွဲတော်ကို မေလ ၅ ရက်နေ့ ညနေပိုင်းက မြို့တွင်း လှည့်လည်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။

 “ဟိန္ဒူ ရိုးရာ အပ်ထိုးပွဲနှင့် မီးနင်းပွဲတော်က ကျွန်တော်တို့ မြိတ်မြို့မှာ နှစ်စဉ်နှစ်တိုင်း မေလမှာ ပုံမှန် ကျင်းပ နေတဲ့ပွဲလေး ဖြစ်ပါတယ််။ ဒီပွဲက ကျွန်တော်တို့ ဘာသာဝင်တွေအတွက် အလွန်အရေး ပါသော ပွဲတစ်ပွဲလို့ ဆိုရာမှာ ဖြစ်တယ်”ဟု ဟိန္ဒူရိုးရာ အပ်ထိုးပွဲတော်နှင့် မီးနင်းပွဲတော် ဖြစ်မြောက်ရေးတာဝန်ခံ ဦးဆန်းလင်း (ခ) နွန်းကရာဂျူးက ပြောသည်။

အဆိုပါ ပွဲတော်ကို ဟိန္ဒူဘာသာဝင်များက နှစ်စဉ် ယခုအချိန် အခါ၌ မဖြစ်မနေ ပြုလုပ်လေ့ရှိကြောင်း၊ ပွဲတော် အကြိုကာလ၌ အပ်ထိုး၊ မီးနင်းမည့်သူများက ဥပုသ်သီလ စောင့်တည်ခြင်း၊ သက်သက်လွတ် စားသုံးခြင်း ပြုလုပ်ကာ ပွဲတော်ကို ဆင်နွဲခြင်းဖြင့် မိမိတို့၏ နေအိမ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောယုံကြည်မှုအရ ဆုတောင်း ပြည့်လေ့ရှိကြောင်း ဟိန္ဒူဘာသာဝင်များက အသိအမှတ် ပြုထားခြင်း ဖြစ်သည်။

“ဒီနှစ် ပွဲမှာကတော့ နည်းနည်းတော့ ထူးခြားပါတယ်။ ဘာတွေ ထူးခြားသလည်း ဆိုတော့ အခုနှစ်မှာ အပ်ထိုး ပွဲနဲ့ မီးနင်းပွဲမှာ လူငယ်တွေ စိတ်ပါဝင်စားစွာ ပါဝင်တာတွေ ရှိသလို ကလေးတွေလည်း ပါဝင်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကတော့ ယုံကြည်မှုအရ ကုသိုလ်ယူတဲ့ ပွဲလေး ဖြစ်တယ်” ဟု ဦးဆန်းလင်း (ခ) နွန်းကရာဂျူးက ဆက်ပြောသည်။

မြိတ်မြို့တွင် ယခုနှစ်ကျင်းပသော ဟိန္ဒူ ရိုးရာ အပ်ထိုးပွဲနှင့် မီးနင်းပွဲတော်သည် ၁၉ ကြိမ်မြောက်ဖြစ်ပြီး ပွဲတော် ကာလတွင်း မြို့တွင်း လှည့်ရာ၌ အလှူခံ၍ ရရှိလာသော အလှူငွေများကို ဟိန္ဒူဘာသာဝင် ဘုရားကျောင်းများ အတွက် သုံးစွဲကြောင်း သိရသည်။

“ဒီလိုပွဲမျိုးကို နှစ်စဉ် ကျင်းပလာနိုင်တဲ့ အတွက် ဟိန္ဒူ ဘာသာဝင် တစ်ယောက် အနေနဲ့ အများကြီး ဂုဏ်ယူ မိပါတယ်။ နောင်နှစ်တွေလည်း ဒီလိုပဲ ပွဲတော်ကို စည်းစည်း ကားကား ကျင်းပနိုင်ပါစေလို့ ဆုတောင်း ပေးပါ တယ်” ဟု ဟိန္ဒူရိုးရာ အပ်ထိုးပွဲတော်နှင့် မီးနင်းပွဲတော်အတွင်း ဝေယျာဝစ္စကူညီနေသူ ဒေါ်ခွန်းရဂျန်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ နေထိုင် သော မြို့တစ်မြို့ဖြစ်ပြီး  နှစ်စဉ် လူမျိုးဘာသာ အလိုက် ရိုးရာဓလေ့ ပွဲတော်နှင့် ပွဲလမ်းသဘင်များကို စုပေါင်း ကာ ကျင်းပလေ့ရှိသော မြိျ့တစ်မြို့လည်း ဖြစ်သည်။
မြိတ်မြို့တွင် ဟိန္ဒူ ဘာသာဝင်လူမျိုး စုစုပေါင်း ၃၈၅၀ ဦးခန့်နေထိုင်ပြီး ဟိန္ဒူဘုရားကျောင်း ၁၀ ကျောင်း ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly