လိင်တူချစ်သူများကို သေဒဏ်ပေးမည့် ဥပဒေပြဋ္ဌာန်းမှု ဘရူနိုင်း ဆိုင်းငံ့

လိင်တူချစ်သူများကို သေဒဏ်ပေးမည့် ဥပဒေပြဋ္ဌာန်းမှု ဘရူနိုင်း ဆိုင်းငံ့

မေ ၆ ။    ။ ဘရူနိုင်းနိုင်ငံမှာ လိင်တူချစ်သူတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ကျောက်ခဲနဲ့ မသေမချင်းပစ်ပေါက် အပြစ်ပေးစေမယ့် ရက်စက်တဲ့ ဥပဒေတစ်ရပ် ပြီးခဲ့တဲ့လက ပြဋ္ဌာန်းပေးခဲ့ပေမယ့် ယခုအခါ ယင်းကို တရားဝင်ဆိုင်းငံ့လိုက်ပြီလို့ ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆန်နယ်လ် ဘိုလ်ကီးယားက မေလ ၅ ရက်က ကြေညာသွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က ဒီ ပြင်းထန်တဲ့ ရှရီယာ ဥပဒေပြဋ္ဌာန်းခဲ့မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ခဲ့ပြီးနောက် ဒါကို တရားဝင်ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ဘရူနိုင်းဘုရင်က ထုတ်ပြန်သွားပါတယ်။

ဒီ အစ္စလမ္မစ် ဥပဒေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ သပိတ်မှောက်ဆန့်ကျင်မှုတွေ၊ နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ ကန့်ကွက်မှုတွေ ရှိပြီးနောက် ဒါနဲ့ပတ်သက်လို့ ခုလိုပြန်လည် စဉ်းစားသုံးသပ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုင်းအာဏာပိုင်တွေဘက်ကတော့ ယင်းရဲ့ နိုင်ငံမှာ ခုလိုဥပဒေတွေ ပြဌာန်းဖော်ဆောင်ခြင်းက ယင်းရဲ့ အခွင့်အရေးဖြစ်ကြောင်း ယခင်က တစ်တွင်တွင် ခုခံပြောဆိုထားခဲ့ပြီးနောက် ပြီးခဲ့တဲ့လက အထက်ပါ ရှရီယာ ဥပဒေကို အသက်ဝင်ထားစေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝေဖန်ပြစ်တင်မှုတွေ ကြုံခဲ့ရပြီးနောက် ယမန်နေ့က ဆူလ်တန်ဘုရင်က ဒီ ဥပဒေအောက်မှာ သေဒဏ်ပြစ်ဒဏ်ပေးမှုကို ပြဋ္ဌာန်းတော့မှာ မဟုတ်ကြောင်း ပြန်လည်တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly