မကွေးတိုင်းမှာ ယခုနွေရာသီအတွင်း အုပ်စုသုံးခုစီခွဲ၍ လျှပ်စစ်မီးဖြန့်ဝေနေရ

မကွေးတိုင်းမှာ ယခုနွေရာသီအတွင်း အုပ်စုသုံးခုစီခွဲ၍ လျှပ်စစ်မီးဖြန့်ဝေနေရ

မေ ၅ ။      ။ ယခုနှစ် နွေရာသီအတွင်း ဆည်များရေဝင်ရောက်မှု လျော့နည်းလာ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ် ဓာတ်အား ဖြန့်ဝေမှုကို လျော့ချလျက်ရှိနေရာတွင် မကွေးတိုင်း၌လည်း မေလ ၃ ရက်နေ့မှစတင်ကာ အုပ်စု သုံးခုဖြင့် ခွဲ၍ အလှည့်ကျ ဓာတ်အား ဖြန့်ဝေနေရသည်ဟု မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

“ တိုင်းပြည်က အပူပိုင်းဒေသမှာရှိတယ်။ လျှပ်စစ်က နွေရာသီကာလမှာ ဆည်ရေဝင်ရောက်မှုက မရှိ သလောက် ဖြစ်နေတယ်၊ လက်ကျန်ရေနဲ့ ဓာတ်အား ထုတ်လုပ်မှုကို ဆောင်ရွက်နေတယ်။ ရေလျော့နည်း လာတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျလာပါတယ်။ လုံးဝ ရေ မရှိတော့ဘဲ စက်ထိုးရပ်သွားတဲ့ အဖြစ်မျိုး မဖြစ်စေဖို့ ဝန်အားလျှော့ချ ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။” ဟု မကွေးတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်က မဇ္ဈိမသို့ ပြောသည်။

မကွေတိုင်းတွင် ဧပြီလ (၂၇) ရက်နေ့မှ စတင်ကာ အလှည့်ကျ မီးပေးခဲ့ရပြီး မေလ (၃) ရက်နေ့မှ စတင်၍ ခရိုင် အလိုက် အုပ်စု (၃) စု ခွဲကာ အုပ်စု (၁) ခုကို တစ်ရက်လျှင် (၉) နာရီခန့် မီးပိတ်သည့်စနစ်ဖြင့် ဆောင်ရွက် လျှက် ရှိနေကြောင်း သိရသည်။

“ ဆည်တွေကနေ စိုက်ခင်းတွေ ရေပေးတဲ့ အချိန်သာ လျှပ်စစ်ထုတ်လုပ်နေရပါတယ်။ ဆည်တွေ ရေဝင်မှုမှာ မရှိသလောက် နည်းပါးလို့ လျှပ်စစ်ထုတ်လုပ်မှု ကျဆင်းနေတဲ့အချိန် နွေရာသီလဲဖြစ် ပူလွန်းတော့ လျှပ်စစ် သုံးစွဲမှု မြင့်တက်နေပါတယ်။ ထုတ်လုပ်မှုနှင့် သုံးစွဲမှု မျှတခြင်းမရှိတဲ့အခါ ဝန်အားလျှော့ချရခြင်းဖြစ်ပြီး ဆည်ရေ အပြည့်ဝ ဝင်ရောက်လာတဲ့အချိန်ကျ နဂို ပုံမှန်အတိုင်း ပေးဝေသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မကွေးတိုင်းတွင် အများပြည်သူသုံးစွဲနေသော လျှပ်စစ်ပမာဏမှာ အများဆုံး (၈၅) မဂ္ဂါဝပ်ခန့် ရှိပြီး အနည်းဆုံး သုံးစွဲမှု ပမာဏမှာ (၄၀ နှင့် ၃၅) မဂ္ဂါဝပ်ခန့်ရှိသည်ဟု တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

တိုင်းအတွင်းရှိ နိင်ငံပိုင်စက်ရုံများ၊ ကပစ စက်ရုံများ၊ ရေနံမြေများအတွက် သုံးစွဲအား ပမာဏပါ ပေါင်းလျှင် (၁၀၇) မဂ္ဂါဝပ်ရှိကာ ယခုလက်ရှိ အများပြည်သူသုံးစွဲ မဂ္ဂါဝပ် (၈၅) ပမာဏမှာ (၅၀) ရာခိုင်နှုန်းအထိ လျှော့ချ ပေးနေရခြင်းဖြစ်ကြောင်းလည်း အဆိုပါ ရုံးမှ သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားအား ရေအားလျှပ်စစ်မှ (၆၀) ရာခိုင်နှုန်းခန့် ထုတ်လုပ်နေရပြီး ကျန် ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့သုံးစက်ရုံများနှင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တစ်ရုံမှ ထုတ်လုပ်နေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly