ရခိုင်တွင် ပြေးဆွဲနေသည့် အမြန်ရေယာဉ်တချို့ မုန်တိုင်းအခြေနေကြောင့် ရပ်နားထား

ရခိုင်တွင် ပြေးဆွဲနေသည့် အမြန်ရေယာဉ်တချို့ မုန်တိုင်းအခြေနေကြောင့် ရပ်နားထား
ဓာတ်ပုံ - စစ်တွေမှ ရသေ့တောင်နှင့် ဘူးသီးတောင်ကို ေပြေးဆွဲသည့် မလိခ အမြန်ယာဉ်(ဓာတ်ပုံ- အောင်အောင်ထူး)

မေ ၄ | စစ်တွေ ။     ။ ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် အစိုးရပိုင် ရေယာဉ်လိုင်းများ အပါအဝင် ပုဂ္ဂလိက အမြန်ရေယာဉ်လိုင်း ခရီးစဉ် အချို့ကို မုန်တိုင်းအခြေအနေကြောင့် မေလ ၄ ရက်နေ့ခန့်မှ စ၍ မေလ ၇ ရက်နေ့ထိ ရပ်နားသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနမှ သိရသည်။

“ရာသီဥတုဆိုးနေလို့ ရပ်ထားရတယ်။ တနင်္လာ၊ အင်္ဂါလောက် ရာသီဥတုကောင်းရင်တော့ ထွက်ဖြစ်မယ် ထင်ပါတယ်။ အစိုးရရေကြောင်း လိုင်းကဆိုရင် ဂစ္ဆပနီတစ်ခုပဲ ရှိမယ်။ ကျန်တဲ့ဟာတွေကတော့ ပုဂ္ဂလိက အမြန်ယာဉ်လိုင်းတွေပေါ့။ မထွက်ကြဖို့လည်း ညွှန်ကြားထားတာတွေ ရှိပါတယ်။ ရာသီဥတု ဆိုးနေတော့လေ။” ဟု ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူး ဦးထင်ကျော်က မဇ္ဈိမသို့ ပြော သည်။

အစိုးရ အမြန်ယာဉ်ရေကြောင်းလိုင်း ဂစ္ဆပနဒီသင်္ဘောအပါအဝင် ပုဂ္ဂလိကယာဉ်လိုင်းများဖြစ်သည့် မလိခ၊ ရွှေနဒီနှင့် ရွှေပြည်တန်စသည့်  အမြန်ယာဉ်သင်္ဘောများမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှ နေ၍ ရေကြောင်း သွား၍ အဆင်ပြေသည့် ဒေသတွင်း ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်ဖြူနှင့် တောင်ကုတ် စသည့်မြို့နယ်များသို့ ပြေးဆွဲနေကြခြင်းဖြစ်သည်။

နေ့စဉ်ပြေးဆွဲလျှက်ရှိသည့် ပုဂ္ဂလိကအမြန်ယာဉ် ရွှေပြည်တန်မှာလည်း ချောင်းကဲ့သို့ လမ်းကြောင်းမှ ဖြတ်သွားရသည့် မြို့နယ်များသို့ ပုံမှန်အတိုင်း ပြေးဆွဲနေမည်ဖြစ်သော်လည်း ပင်လယ်ပြင် ဖြတ်သွားရသည့် ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်ခရီးစဉ်များကို ရပ်နား ထားမည်ဖြစ်ကြောင်း ရွှေပြည်တန် အမြန်ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

“ပေါက်တောဆိုတာက ဒီ မြစ်(ကုလားတန်) ရှိတယ်။ ဟိုဖက်က မုန်တိုင်းလာလို့ရှိရင် လေက ဖောင်တော်ပေါ်မှာ တိုက်တဲ့အားရှိတဲ့ အတွက်ကြောင့် အဲဒီဖက်ကို မဆွဲဘူး။ ရသေ့တောင်လို နေရာမျိုးတွေ ဆိုတော့ ချောင်းကြားထဲက သွားရတော့ နည်းနည်းအဆင်ပြေတာ ပေါ့။ တောင်ကုတ်လို လမ်းမျိုးဆိုတော့ မြစ်ပြင် ကျယ်တွေကို ဖြတ်ပြီးသွားရတော့ အဆင်မပြေ။ အဲဒီလို အဆင်မပြေတဲ့ လမ်းကြောင်းဆို ထားလိုက်တယ်ပေါ့။ အဆင်ပြေတဲ့ လမ်းကြောင်းကိုဆွဲတယ်။”ဟု ၎င်းက ဆိုသည်။

ထိုသို့ ရာသီဥတုဆိုးရွားနေမှုကြောင့် ခရီးစဉ်အချို့ ရပ်နားထားရသည့်အတွက် ခရီးသည်များမှာ အခက် တွေ့ရသလို ရေယာဉ်ပြေးဆွဲနေသူများ အနေနနှင့်လည်း နစ်နာမှုများရှိကြောင်း၊ သို့ရာတွင် ခရီးသည်များ၏ လုံခြုံမှုကို ဦးစားပေးကာ ရပ်နားရခြင်းဟုလည်း ရေယာဉ်လိုင်းတာဝန်ရှိသူများက ပြောကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ရာသီဥတုမှာ အနည်းငယ်ဆိုးရွားမှု ဖြစ်ပေါ်နေပြီး စစ်တွေသို့ ပုံမှန် လာရောက် ပြေးဆွဲလျှက်ရှိကြသည့် စက်လှေများမှာလည်း ခါတိုင်းလိုမျိုး လာရောက်သည်ကို မတွေ့ရပေ။

ယနေ့ မေလ ၄ ရက်နေ့ နံနက်က မိုးဇလ၏ တိုင်းထွာချက်အရ အိန္ဒိယနိုင်ငံ သြရိဿ ကမ်းရိုးတမ်းပေါ် အားကောင်း တည်ရှိနေသည့် ဖန်နီမုန်တိုင်းသည် အိန္ဒယနှင့် အနောက်ဘင်္ဂလားပြည်နယ်ကို ဝင်ရောက်ခဲ့ပြီး ကိုလ်းကတ္တားမြို့ အနော်ကဘက် ၂၅ မိုင်အကွာတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။

သို့ဖြစ်၍ ရခိုင်ကမ်းရိုးတန်းဒေသအပါအဝင် မြန်မာနိုင်ငံထဲမှ ဒေသအချို့မှာလည်း ရာသီဥတုဆိုးနိုင်ပြီး မိုးသည်းထန်ခြင်း၊ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဗေဒကဌာနက သတင်းထုတ်ပြန်ထားသည်။
--

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required