စစ်လေယာဉ်များ ဝေဟင်ထပ်ကျုးဝင်လာ၍ ရုရှသံအမတ်ကြီးအား တူရကီဆင့်ခေါ်

စစ်လေယာဉ်များ ဝေဟင်ထပ်ကျုးဝင်လာ၍ ရုရှသံအမတ်ကြီးအား တူရကီဆင့်ခေါ်

ဆီးရီးယားတွင် လေကြောင်းထိုးစစ်ဆင်နွှဲနေသော ရုရှ၏ စစ်လေယာဉ်များက နှစ်ရက်အတွင်း ဒုတိယအကြိမ် ဝေဟင်ပိုင်နက်ကျုးကျော်လာ၍ တူရကီက ရုရှသံအမတ်ကြီးအား ဆင့်ခေါ်သည်။

အောက်တိုဘာ ၃ ရက်က ဝေဟင်ပိုင်နက်တွင်း ရုရှစစ်လေယာဉ်ဝင်ရောက်လာ၍ တူရကီတိုက်လေယာဉ်များက ကြားဖြတ်ဟန့်တားခဲ့ရသည့်အတိုင်း အောက်တိုဘာ ၄ ရက်တွင်လည်း ဒုတိယအကြိမ် ဝေဟင်ကျုးဝင်လာမှု ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း တူရကီက ပြောသည်။

ဆီးရီးယားအတိုက်အခံများနှင့် အရပ်သားများကို လေကြောင်းထိုးစစ်ဆင်မှုများဆင်နွှဲနေခြင်းအား ရုရှက ရပ်ပစ်ရန် နေတိုးက ဆော်သြထားသော်လည်း ရုရှက ၎င်းတို့၏ လေကြောင်းထိုးစစ်က အိုင်အက်စ်နှင့် အခြားအစ္စလာမ်မစ်အစွန်းရောက်များကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသာဖြစ်သည်ဟု ပြောသည်။

အောက်တိုဘာ ၃ ရက် ဝေဟင်ကျုးကျော်ဝင်ရောက်သွားမှုသည် စက္ကန့်ပိုင်းမျှသာ ဖြစ်ပြီး ရာသီဥတုဆိုးဝါး၍ ဖြစ်ကြောင်း ပြောဆိုသည်။ အောက်တိုဘာ ၄ ရက်က ဖြစ်ရပ်အတွက်မှု မည်သို့မျှ တရားဝင်တုံ့ပြန်ပြောကြားခြင်းမရှိသေးပေ။

တူရကီပါဝင်သည့် နေတိုးအဖွဲ့ဝင် ၂၈ နိုင်ငံ၏ ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ တာဝန်မဲ့အရမ်းကာရော အပြုအမှုများသည် အလွန်အန္တရာယ်ကြီးကြောင်း သတိပေးပြီး ရုရှနိုင်ငံအနေဖြင့် ရပ်တန်းက ရပ်တော့ရန် တိုက်တွန်းခဲ့သည်။

ကျုးကျော်ဝင်ရောက်လာသည့် ရုရှစစ်လေယာဉ်များကို တူရကီက ပစ်ချပိုင်ခွင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly