အမေရိကန် နိုင်ငံရေးရာဌာနအတွင်းဝန် စစ်တွေသို့ လာရောက်

အမေရိကန် နိုင်ငံရေးရာဌာနအတွင်းဝန် စစ်တွေသို့ လာရောက်
 ဓာတ်ပုံ-EPA

မေ ၃ ။      ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနအတွင်းဝန် ဟေးလ်သည် မြန်မာနိုင်ငံခရီးစဉ်အဖြစ် လာရောက်စဉ်အတောအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ ၂ ရက်နေ့က သွားရောက်ခဲ့သည်။

“ ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများနှင့် မလုံခြုံမှုနှင့် ခွဲခြားဆက်ဆံမှုများ ကို ဖြစ်ပေါ်စေခဲ့သည့် အခြေခံအကြောင်းအရင်းပြဿနာများကိုကိုင်တွယ်ဖြေရှင်းရာ၌ အမေရိကန်ပြည်ထောင်စု မှ အကူအညီပေးနိုင်မည့် နည်လမ်းများကို မေးမြန်းဆွေးနွေးခဲ့သည်” ဟု အမေရိကန်သံရုံးမှ ထုတ်ပြန်ထားသည်။

ထိုသို့ သွားရောက်ရာတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အပြင် အောင်မင်္ဂလာရပ်ကွက် နေထိုင်သူများနှင့်ပါ တွေ့ဆုံခဲ့သည်။  

အမေရိကန် နိုင်ငံခြားရေးရာဝန်ကြီးဌာန၊  နိုင်ငံရေးရာ အတွင်းဝန် ဒေးဗစ်ဟေလ်သည် မေလ ၁ ရက်နေ့ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး လာရောက်စဉ် အစိုးရ ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဟု အမေရိကန်သံရုံးက ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အမေရိကန် နိုင်ငံရေးရာအတွင်းဝန်၏ ခရီးစဉ်သည် ဧပြီ ၂၉ ရက်နေ့မှ မေ ၆ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ကို လာရောက်သည့် ခရီးစဉ် ဖြစ်သည်။

ယင်းအပြင် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ ဒေသဆိုင်ရာအရေးနှင့် အာဆီယံမှ ဦးစားပေးဆောင်ရွက်နေမှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

အတွင်းဝန်သည် မေ ၆ ရက်တွင် ဂျပန်နိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေး၊ အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required