ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို အိုလံပစ်တွင် ပါဝင်ခွင့်ရရန် ကြိုးပမ်းနေ

ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို အိုလံပစ်တွင် ပါဝင်ခွင့်ရရန် ကြိုးပမ်းနေ
၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလပြုလုပ်ခဲ့သော PyeongChang 2018 Olympic Games ဖွင့်ပွဲအခမ်းအနား ဓာတ်ပုံ - EPA

မေ ၃ ။     ။ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို ထပ်မံမြှင့်တင်သည့်အနေဖြင့် အိုလံပစ် အားကစားနည်းအဖြစ် အသိအမှတ်ပြုခံရရန် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့ချုပ်( IMMAF)နှင့် One Championship တို့ ပူးပေါင်း ကြိုးပမ်းနေသည်။

One Championship နှင့် ကမ္ဘာလုံးဆိုင်ရာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့ချုပ် (Global Association of Mixed Martial Arts - GAMMA) တို့ နှစ်ရှည်စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ထားပြီး ထိုသို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက အပြည်ပြည်ဆိုင်ရာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အသင်းချုပ် (International Mixed Martial Arts Federation - IMMAF) နှင့် ကမ္ဘာ့ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့ချုပ် (World Mixed Martial Arts Association - WMMAA) တို့ ပူးပေါင်းအဖွဲ့က နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များ၏ ကမ္ဘာလုံးဆိုင်ရာအသင်းကြီး (Global Association of International Sports Federations - GAISF) ထံသို့ အဆိုပြုလွှာတစ်စောင်ပေးပို့ခဲ့သည်။

ယင်းအဆိုပြုလွှာတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့ချုပ်ကို GAISF ၏ လေ့လာသူ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သော်လည်း ယင်းအဆိုပြုလွှာကို ငြင်းပယ်ခဲ့ပြီး လတ်တလောတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို လက်ခံရန် အစီအစဉ် မရှိသေးကြောင်း ထုတ်ပြန်ခဲ့သည်။

GAISF ၏ လေ့လာသူ ဖြစ်လာပါက ၂ နှစ်အတွင်း စည်းမျဉ်း၊ စည်းကမ်းများကို ပြန်လည်သုံးသပ်ပြင်ဆင်မှုများ ပြုလုပ်ကာ အိုလံပစ်အားကစားအဖြစ် အသိအမှတ်ပြုခံရရန် အခွင့်အရေးရရှိမည် ဖြစ်သည်။

ထို့ကြောင့် One Championship နှင့် ကမ္ဘာလုံးဆိုင်ရာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့ချုပ် (Global Association of Mixed Martial Arts - GAMMA) တို့ ပူးပေါင်းလိုက်ခြင်းက အိုလံပစ်ဝင်ခွင့်ရရေး မျှော်လင့်ချက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု ၎င်းအဖွဲ့အစည်းများဘက်မှ ဆိုသည်။

 “ONE Championship ဟာ ကိုယ်ခံပညာရဲ့စစ်မှန်တဲ့တန်ဖိုးတွေဖြစ်တဲ့ ကိုယ်ကျင့်သိက္ခာရှိမှု၊ မိမိကိုယ်ကို နှိမ့်ချတတ်မှု၊ ဂုဏ်ယူတတ်မှု၊ လေးစားမှု၊ သတ္တိ၊ စည်းကမ်းနှင့် ကရုဏာစတာတွေကို ကိုယ်စားပြုပါတယ်။ GAMMA ကလည်း ဒီတန်ဖိုးတွေကို မျှဝေလို့ ကျွန်တော်တို့ ရည်မှန်းချက်ခြင်း တူပါတယ်။ ကျွန်တော်တို့ နှစ်ဘက်စလုံးက ဒီအားကစားကို အပျော်တမ်း အဆင့်မှာရော၊ ပရော်ဖက်ရှင်နယ် အဆင့်မှာပါ အတူတကွ မြှင့်တင်ဖို့ ဆန္ဒရှိပါတယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံံ အားကစားကို အိုလံပစ် ရောက်တဲ့အထိ အတူပူးပေါင်း တိုက်ပွဲဝင်သွားမှာပါ”ဟု ONE ၏ ဥက္ကဋ္ဌ Chatri Sityodtong က Forbs မဂ္ဂဇင်းသို့ ပြောသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသာ အိုလံပစ် ပြိုင်ပွဲ ဝင်ခွင့်ရပါက ကစားသမားများသည် ခေါင်းစွပ်များ၊ တံတောင်နှင့် ဒူးစွပ်များ ဝတ်ဆင်ကာ ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ ထို့ပြင် တံတောင်တိုက်သည့် တိုက်ကွက်များနှင့် မြေပေါ်လဲနေသည့် ပြိုင်ဘက်ကို တိုက်ခိုက်သည့် တိုက်ကွက်များ တရားမဝင် ဖြစ်ဖွယ် ရှိနေသည်။ လက်ရှိဝတ်ဆင်ကစားနေသည့် လက်အိတ်များ နေရာတွင်လည်း ပိုမိုထူထဲသည့် လက်အိတ်များကို အစားထိုးဝတ်ဆင်ရဖွယ် ရှိနေသည်ဟု သုံးသပ်ရသည်။

“စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ အခက်အခဲတွေတော့ အများကြီးရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ အိုလံပစ်မှာ သွေးထွက်သံယို ဖြစ်စေတဲ့ ဘယ်လို စွန့်စားမှုမျိုးမှ မဖြစ်စေလိုတဲ့ အတွက်ပါ။ ပြီးတော့ ကြမ်းပြင်ပေါ်မှာ နပမ်းလုံးတဲ့ အချုပ်အသိမ်း အကွက်တွေလည်း အိုလံပစ်မှာ ခွင့်မပြုပါဘူး”ဟု Chatri က ဆက်လက် ပြောသည်။

အိုလံပစ်ပြိုင်ပွဲများတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို
လက်ခံကျင်းပရန် ဆုံးဖြတ်လျှင်ပင် ၂၀၂၀ အိုလံပစ်တွင် ပါဝင်နိုင်ရန် အလားအလာ မရှိဘဲ
၂၀၂၄ သို့မဟုတ် ၂၀၂၈ တွင်မှ ပါဝင်နိုင်ဖွယ်ရှိနေသည်ဟု Chatri က ဆက်လက်ပြောခဲ့သည်။

၂၀၂၈ အိုလံပစ် ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ကျင်းပမည်ဖြစ်ရာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို အားပေးသည့် နေရာဖြစ်သဖြင့် ပရိသတ်အားပေးမှု ပိုမိုရနိုင်ဖွယ်လည်း ရှိနေသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (International Olympic Committee – IOC) သည် အားကစား နည်းများကို အသိအမှတ်ပြုရန်အတွက် အခြေခံစည်းကမ်းချက်များရှိသည်။ အခြေခံအားဖြင့် အမျိုးသားများ ယှဉ်ပြိုင်သည့် အားကစားနည်းတစ်ခုသည် အနည်းဆုံး တိုက်ကြီး ၄ တိုက်မှ နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် ကစားနေသည့် အားကစားနည်းဖြစ်ရမည်။ အမျိုးသမီးများဆိုလျှင် တိုက်ကြီး ၃ တိုက်မှ နိုင်ငံပေါင်း ၄၀ တွင် ယှဉ်ပြိုင်ကစားနေသည့် အားကစားနည်း ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

အားကစားနည်းများသည် ကိုယ်လက်လှုပ်ရှားမှုဖြင့် ကစားရသည့် အားကစားနည်းများဖြစ်ရမည်ဟု သတ်မှတ် ထားသော်လည်း စစ်တုရင်နှင့် ကားပြိုင်သည့် အားကစားနည်းများကို ချွင်းချက်အနေဖြင့် သတ်မှတ်ပေးထား သည်။

လက်ရှိတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို ပြင်သစ်နှင့်နော်ဝေနိုင်ငံတွင် လုံးဝပိတ်ပင်ထားပြီး အိုင်ယာလန် နိုင်ငံတွင်လည်း ကစားသမားတစ်ဦး
သေဆုံးမှုကြောင့် အလားတူ ပိတ်ပင်မှုမျိုးပြုလုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly