မွန်ပြည်နယ် မူးယစ်ဆေးနှိမ်နင်းရေးကို တိုင်းရင်းသားလက်နက်ကိုင်နှင့်အစိုးရတို့ ပူးပေါင်းရန် တိုက်တွန်း

မွန်ပြည်နယ် မူးယစ်ဆေးနှိမ်နင်းရေးကို တိုင်းရင်းသားလက်နက်ကိုင်နှင့်အစိုးရတို့ ပူးပေါင်းရန် တိုက်တွန်း

မော်လမြိုင်၊ မေ ၃ ။      ။ မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ဆောင်ရာတွင် အပစ်ရပ် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အစိုးရအဖွဲ့တို့ အပြန်အလှန် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာကာ ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ပိုမိုထိရောက်မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက လွှတ်တော်အစည်းအဝေးတွင် တိုက်တွန်းပြောဆိုခဲ့သည်။

မေလ ၂ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ပထမနေ့)တွင် ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရာတွင် ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အပစ်ရပ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီမှ မတ်လအတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့ခြင်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်မှတ်ရေးထိုး၍ ကန့်ကွက်စာ ပေးပို့ခဲ့ခြင်းအပေါ် ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ အခုဟာက NCA လက်မှတ်ရေးထိုးပြီးတဲ့အခါကြရင် ဒီ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ကျွန်တော်ပြောချင်တာက မွန်ပြည်သစ်မှ မဟုတ်ပါဘူး။ အခြား ကရင်ပဲဖြစ်ဖြစ်၊ ဒီမှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီပြည်နယ်အဆင့်က အဖွဲ့အစည်းတွေနဲ့ မူးယစ်ဆေးဝါးကိစ္စတွေဟာ ဒီကြားကာလမှာ ဆောင်ရွက်ရန်လုပ်ငန်းဆိုပြီးတော့ ပါတယ်။ ဒီလုပ်ငန်းတွေကိုလည်း နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးမှ ဆောင်ရွက်မယ် ဆိုတာလည်း ပြဋ္ဌာန်းချက်ပါတဲ့ အခါကြတော့၊ ပြီးခဲ့တဲ့အခြေအနေက ဟိုဘက်မွန်ပြည်သစ်က ဖမ်းလိုက်တဲ့ ၈ ယောက် က ဒီဘက်က ကန့်ကွက်အကြောင်းကြားစာ ပို့လိုက်တာ ပြည်သူတွေက ဘယ်လိုကြီးလဲပေါ့။ အမှန်က ကျွန်တော့အမြင် ပြောရရင် ဒီ NCA စာချုပ်အရ နှစ်ဖက်ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ ရတယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ ဘယ်လိုညှိနှိုင်းမလဲ အဲဒါကိုပဲ ရှင်းရှင်းလင်းလင်း အဖြေလိုချင်တယ်။ ပြည်သူလူထုကလည်း အဲဒါကိုပဲ စိတ်ဝင်စားနေကြတယ်” ဟု ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ် ၂၀ ရက်နေ့တွင် မုဒုံမြို့နယ်၊ အရှေ့ဘက် အဘစ်-ခလယ်တံခွန်တိုင် ကျေးရွာချင်းဆက် ကားလမ်းပေါ်တွင် စိတ်ကြွဆေးပြားများ ၄၆၈ ပြားနှင့်ဘိန်းစာရွက် ၄ ပိသာခန့်နှင့်အတူ လူ ၈ ယောက်အား ထိန်းသိမ်းခဲ့ခြင်းအပေါ် မတ်လ ၂၂ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက လက်မှတ်ရေးထိုး ကန့်ကွက်စာပေးပို့ခဲ့ခြင်းအပေါ် လူထုများအကြားဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက “ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး နဲ့ သက်ဆိုင်တဲ့ကိစ္စရပ်များက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို တင်ပြပေးပြီးမှသာ အတည်ပြုချက် ရယူပြီးတော့ ပြန်လည် ဖြေကြားပေးနိုင်မှာ ဖြစ်တယ်” ဟု ပြန်လည် ဖြေဆိုခဲ့သည်။

လက်ရှိတွင် အပစ်ရပ်နှင့် သက်ဆိုင်ရာအအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားမှု မရှိထားသေးကြောင်း သိရှိရသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောခဲ့သည်။

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပြဿနာနှင့်ပတ်သက်ပြီး လူငယ်များအနာဂတ်အတွက် အလေးထား ဆောင်ရွက်သွားမည်ဟု မွန်နယ်လုံဝန်ကြီးက  ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၇ ရက်က ရာထူးလက်ခံရယူစဉ် ပြောဆိုထားခဲ့သည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးပြဿနာ များနေပြီး မွန်တွင် အကျဉ်းကျနေသူ ၆၅ ရာခိုင်နှုန်းသည်  မူးယစ်ဆေးဝါးအမှုဖြင့် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ၊ ဇွန်လ ၅ ရက်က မွန်ပြည်နယ်လွှတ်တော် အချက်အလက်များအရ သိရသည်။

မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ပတ်သက်ပြီး မွန်ပြည်နယ်၊ ထားဝယ်တို့တွင်ပါ  ယခင်ကတည်းက ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required