ရေကြောက်တဲ့ကလေးတွေကို ရေကူးသင်ပေးတော့မယ်ဆိုရင်

ရေကြောက်တဲ့ကလေးတွေကို ရေကူးသင်ပေးတော့မယ်ဆိုရင်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ကလေးတွေဆိုတာ အရာရာကို စူးစမ်းလေ့လာတတ်တယ်ဆိုပေမယ့် ရေကူးရမှာနဲ့ ပတ်သက်လာရင်တော့ တော်တော်များများ ကြောက်တတ်ကြပါတယ်။ အချင်းချင်း ရေပက်ရတာ၊ မိသားစုလိုက် ရေနဲ့ ပျော်ပျော်ပါးပါးကစားကြတဲ့အခါ ပြဿနာမရှိပေမယ့် ရေကူးတဲ့အချိန်မှာတော့ ကြောက်စိတ်တွေ ဝင်လာတယ်ဆိုတာ ဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိဘဆိုတာကတော့ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အရာရာကို တွေးပူတတ်ကြတာမလား။ ဒီတော့ ရေကူးရမှာကြောက်တဲ့ ကိုယ့်ကလေးကို ရေကူးသင်ပေးတော့မယ်ဆိုရင် မိဘတွေအနေနဲ့ ဘာတွေသိထားသင့်လဲ၊ ဘယ်လိုကူညီပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
ကလေးတွေ ရေကြောက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။

လူတော်တော်များများက ကြောက်စိတ်ကို မှားယွင်းတယ်၊ မရှိသင့်ဘူးလို့ ခံယူထားကြတဲ့အခါမှာ ကလေးတွေစိတ်ထဲမှာ ဖြစ်လာတဲ့ ကြောက်တဲ့စိတ်ကို နားလည်မပေးတတ်ကြပါဘူး။ ဒါက လူတွေမကြာခဏ လုပ်တတ်ကြတဲ့ အမှားတစ်ခုပါ။ ဒီတော့ အရင်ဆုံးလုပ်ပေးရမှာက ကလေးတစ်ယောက်မှာ ကြောက်စိတ်ဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ လူကြီးတွေအတွက်တော့ ရေကူးတယ်ဆိုတာ သာမန်လေ့ကျင့်ခန်း တစ်ခုဖြစ်နေပေမယ့် ကလေးတွေရဲ့ အမြင်မှာ ရေကူးကန်အကျယ်ကြီးထဲက ရေတွေဆိုတာ ဘာမှန်းမသိဘဲ ရွေ့နေပြီး ကိုယ့်ကို ပိတ်မိအောင် လုပ်နေတဲ့ ထောင်ချောင်တစ်ခုလို့ ထင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ကလေးတွေရဲ့ ကြောက်စိတ်ကို ဘယ်လိုဖျောက်ဖျက်မလဲ။

ရေမှ မဟုတ်ပါဘူး။ အရာဝတ္ထုတစ်ခုအပေါ်မှာ ဖြစ်တည်လာတဲ့ ကြောက်စိတ်ကို ဖျောက်ဖို့ဆိုတာ အချိန်ပေး၊ စိတ်ရှည်ရသလို မိဘအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း အများကြီးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီကြောက်စိတ်ဆိုတာ အတိတ်က အကြောင်းအရာတစ်ခုခုကြောင့် ဖြစ်လာတာမျိုးလည်း ရှိသလို၊ မွေးကတည်းက ပါလာတာ၊ မိဘမျိုးရိုးလိုက်ပြီး ကြောက်စိတ်က ကူးပြောင်းလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေကူးဖို့အတွက် ကလေးကို ကူညီပေးတော့မယ်ဆိုရင် အရင်ဆုံး မိဘတွေအနေနဲ့ –
၁။ တွန်းအားမပေးပါနဲ့။

ကြောက်တဲ့စိတ်ဆိုတာ ပုံမှန်ပဲဆိုတာ ကလေးကို နားလည်အောင် ရှင်းပြပါ။ ဒီကြောက်တဲ့စိတ်ကို ကလေးကိုယ်တိုင်က ကျော်လွှားနိုင်မှပဲ ဖြစ်မှာပါ။ ဒါကြောင့် အတင်းအကျပ် ရေကူးဖို့ ဖိအားပေးတာ၊ အော်ဟစ်ပြောဆိုတာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပါ။ ကလေးကို မိဘကိုယ်တိုင် ခင်းထားတဲ့ လမ်းမှာ အတင်းလျှောက်ခိုင်းတာထက် ကလေးကိုယ်တိုင် သွားမယ့်လမ်းမှာ အနောက်ကနေ အားပေးကူညီတဲ့ ပဲ့ကိုင်ရှင်အဖြစ် မိဘတွေက မားမားမတ်မတ် ရပ်တည်ပေးပါ။
၂။ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပေးပါ။

ရေကူးသင်တော့မယ့် ကလေးတစ်ယောက်အတွက် သူတို့စိတ်ထဲမှာ ဘေးကင်းစေမယ်လို့ ယူဆရတဲ့ အသက်ကယ်ပစ္စည်းတွေ (ဥပမာ – ရေငုပ်မျက်မှန်၊ အသက်ကယ် ဂျာကင် အစရှိသဖြင့်) ဝယ်ထားပေးပါ။ မိဘတစ်ယောက်အနေနဲ့ ဘာတွေလိုအပ်မလဲဆိုတာ သေချာမသိဘူးဆိုရင်လည်း စိတ်မညစ်ပါနဲ့။ ကလေးကို ရေကူးသင်ပေးမယ့် နည်းပြကို အကူအညီတောင်းပြီး မေးမြန်းစုံစမ်းလို့ ရပါတယ်။ ရေကူးသင်နေတဲ့ ကာလမှာ ဒီပစ္စည်းတွေအသုံးပြုရတာ ရှက်စရာမဟုတ်ဘူးဆိုတာကို သိထားပေးပါ။
၃။ ဖြည်းဖြည်းချင်းပဲ စတင်ပါ။

ကလေးက ရေမကူးတတ်တာရော၊ ရေကြောက်တဲ့ စိတ်ပါ ရောနေတဲ့အခါ တော်ရုံနဲ့ ရေကူူးတတ်မြောက်မှာ မဟုတ်ပါဘူး။ ဒီတော့ ရေကူးသင်ပေးမယ့် နည်းပြကိုလည်း ကိုယ့်ကလေးရဲ့ အခြေအနေကို သေချာပြောပြပြီး ဖြည်းဖြည်းချင်းပဲ သင်ပေးဖို့အတွက် မှာပေးပါ။ ကိုယ့်ကလေးကို ရေနဲ့ စိမ်းမနေဖို့၊ ရေထဲမှာ နေသားကျဖို့ အရင်လေ့ကျင့်ပေးပြီးမှ ရေကူးသင်ပေးတာ ပိုကောင်းပါတယ်။
၄။ မိဘတွေကိုယ်တိုင်လည်း ဝင်ကူးပါ။

မိဘဆိုတာ ကလေးတွေအတွက်တော့ အတုမြင်အတတ်သင် ဆရာတစ်ဆူပါပဲ။ ဒီတော့ ကိုယ့်ကလေးကို ရေကူးသင်ပေးတော့မယ်ဆိုရင် ရေဆိုတာ ကြောက်ဖို့ကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာကို သေချာပြပေးပါ။ ကလေးနဲ့ အတူ ရေကူးကန်မှာ စိမ်နေတဲ့အချိန် သူတို့လေးတွေစိတ်ထဲမှာ ရှိနေတဲ့ ကြောက်စိတ်က တဖြည်းဖြည်း နည်းသွားပါလိမ့်မယ်။
ကလေးတွေကို ဘယ်အချိန်မှာ ရေကူးသင်ပေးသင့်လဲ။

အစောဆုံး ကလေးအသက် ၁ နှစ်ကနေစပြီး ရေကူးသင်ပေးလို့ ရပါတယ်။ ဒါပေမယ့် ရေကူးမသင်ခင်မှာ ကလေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ စိတ်ခံစားချက်ကို အရင်လေ့လာဖို့ လိုပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ကလေးက ရေကူးသင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောမှ သင်ပေးတာ ပိုကောင်းပါတယ်။

ရေကူးခြင်းဆိုတာ ကလေးတွေအတွက် အရမ်းကောင်းတဲ့ လေ့ကျင့်ခန်းပါ။ ငယ်ငယ်လေးကတည်းက ပုံမှန်ရေကူးမယ်ဆိုရင် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးတယ်။ သက်လုံကောင်းစေပြီး အမောခံနိုင်စေတယ်။ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေပြီး လန်းဆန်းတက်ကြွစေတယ်။ ဒါ့အပြင် အားကစားလုပ်တဲ့ ကလေးတွေဆိုတာ အမြဲတမ်းစာပဲ လုပ်နေတဲ့ကလေးတွေထက် ကျန်းမာရေးရော၊ ပညာရေးမှာပါ အမြဲတမ်းသာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာမှတ်ထားမယ်ဆိုရင် ကိုယ့်ကလေးဘဝ ကျန်းမာပျော်ရွှင်စေဖို့ တစ်ဖက်တစ်လမ်းကနေ အကောင်းဆုံးကူညီပေးနိုင်မှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly