ကိုယ်ခံပညာ သိုင်းပေါင်းစုံ စာမျက်နှာသစ်ကို နိုင်ပွဲနှင့် ဖွင့်လှစ်မည့် အဲအဲ

ကိုယ်ခံပညာ သိုင်းပေါင်းစုံ စာမျက်နှာသစ်ကို နိုင်ပွဲနှင့် ဖွင့်လှစ်မည့် အဲအဲ
Photo: Rampage FC

စိန်ခေါ်မှုအသစ်များအတွက် ရိုးရာလက်ဝှေ့သမားဘဝမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ  အားကစားသမားအဖြစ် ပြောင်းလဲရပ်တည်ခဲ့သူ အဲအဲသည် ၎င်း၏ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားလေ့ကျင့်လျက်ရှိသည်။ ၎င်းအနေဖြင့် ပထမဆုံး အဖွင့်ပြိုင်ပွဲကို  အနိုင်ပွဲဖြင့်စတင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

ကရင်တိုင်းရင်းသူ တစ်ဦးဖြစ်သည့် အဲအဲသည် လာမည့် မေလ (သို့မဟုတ်) ဇွန်လအတွင်း ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ရန်မျှော်လင့်ထားပြီး ယင်းပွဲစဉ်သည် ၎င်းအတွက် ပထမဆုံးပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။

''ပထမဆုံးထိုးမယ့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ အကောင်းဆုံးရလဒ်ကို ပဲလိုချင်ပါတယ်။ ရက်အတိအကျ မသိရသေးပေမဲ့ မကြာခင် ယှဉ်ပြိုင်ရတော့မှာပါ။''ဟု အဲအဲ က ဆိုသည်။

အသက် ၂၄နှစ်အရွယ် ကရင်တိုင်းရင်းသူ အဲအဲသည် အမျိုးသမီးရိုးရာလက်ဝှေ့သမား အဖြစ် ကိုယ်ခံပညာမှတ်တမ်းကို စတင်ခဲ့သော်လည်း ၂ဝ၁၈ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရေပန်းစားလာသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ ကို ပြောင်းလဲထိုးသတ်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်၏ အဓိကအကြောင်းပြချက်မှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပညာရပ်သည် ၎င်းအတွက် ဘဝအာမခံချက်ရှိသည့်အပြင် နိုင်ငံတကာသို့ ထိုးဖောက်နိုင်သည့် ကိုယ်ခံပညာ အားကစားဖြစ်နေခြင်းကြောင့်ဟု အဲအဲက ဖွင့်ဟခဲ့သည်။

''ကိုယ်ခံပညာ အားကစားတွေကို စိတ်ဝင်စားတာကြောင့် တိုက်ခိုက်ရေး အားကစားမျိုးစုံကို လေ့လာလိုက်စားခဲ့ပါတယ်။ ရိုးရာလက်ဝှေ့သမားအဖြစ်လည်း ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခဲ့ဖူးတယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ကတော့ ကျွန်မအတွက် ဘဝအာမခံချက်ပိုရှိမယ်လို့ ထင်လို့ ရွေးချယ်လိုက်တာပါ''ဟု ၎င်းက ဆိုသည်။

အဲအဲသည် ဖိုးသော်၏ Team PT Gym တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံကို လေ့ကျင့်နေသလို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ၏ နာမည်ကြီး Gym တစ်ခုဖြစ်သော Tiger Muay Thai တွင် တစ်လကြာ သွားရောက်နေထိုင်ခဲ့ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ နှင့် ပတ်သက်သော ပညာရပ်များကို သင်ယူခဲ့သည်။

''ကိုယ်ခံပညာ သိုင်းပေါင်းစုံ အတွက် သီးသန့်လေ့ကျင့်ခဲ့ပါတယ်။အထူးသဖြင့် Brazilian Jiu-Jitsu ကို လေ့လာ သင်ယူနိုင်ခဲ့တယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ဆိုရင် မတ်ရပ်တိုက်ခိုက်ခြင်း နဲ့ မြေပြင်ချုပ်ကွက် ကစားနည်း နှစ်ခုစလုံး တတ်မြောက်ထားဖို့လိုတယ်လေ။ ဒါကြောင့် ground game အတွက်ပိုပြီး လေ့ကျင့်ဖြစ်တယ်''ဟု အဲအဲက ပြောသည်။

မကြာမီယှဉ်ပြိုင်ရတော့မည့် အဲအဲ၏ ပထမဆုံး ပြိုင်ပွဲသည်၎င်း၏ ဆုံးဖြတ်ချက် မှန်၊ မမှန်ကို အဖြေပေးမည့် ပွဲဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေကြောင်း အဲအဲ က ဆက်လက်ပြောကြားခဲ့သည်။

''ဒီပွဲရလဒ်က ကျွန်မအတွက် အလွန်အရေးပါတယ်။ ပထမဦးဆုံးခြေလှမ်းဆိုတာ အလွန်အရေးကြီးပါတယ်။ ဒီပွဲရလဒ်က နောက်ထပ်ပွဲပေါင်းများစွာကို ဆက်လက်ယှဉ် ပြိုင်ဖို့ခွန်အားဖြစ်ပါတယ်။'' ဟု ဆိုသည်။

ကရင်ပြည်နယ်သည် ကိုယ်ခံပညာ နှင့်ပတ်သတ်လျှင် အစဉ်အလာကြီးမားခဲ့သည်။  ရိုးရာလက်ဝှေ့လောကအတွက် ချန်ပီယံပေါင်းများစွာကို ကရင်ပြည်နယ်မှ မွေးဖွားပေးနိုင်ခဲ့သည်။

ONE  Championship ၏ ကြိုးဝိုင်းအတွင်းတွင်လည်း ရဲသွေးနီ၊  သပြေညို၊ မိုက်ရိုင်း စသည့် ကရင်ပြည်နယ်ဖွား အားကစားသမားများသည် အောင်မြင်မှု မှတ်တမ်းများရရှိခဲ့သည်။

ထိုကဲ့သို့ အစဉ်အလာကြီးမားသည့် ကရင်ပြည်နယ်မှ မွေးဖွားလာသူ အဲအဲသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ  ကြိုးဝိုင်းအတွင်းမှတ်တမ်းကောင်းများ စိုက်ထူနိုင်မည်ဟု ယုံကြည်ချက် ပြင်းထန်နေသည်။

အဲအဲသည် Team PT Gym တွင် ကစားသမားအပြင် နည်းပြအဖြစ်ပါ ပူးတွဲဆောင်ရွယ်လျက်ရှိသည်။

''ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲအတွေ့အကြုံမရှိသေးပေမဲ့ လေ့ကျင့်ရေးနဲ့ပတ်သတ်တဲ့  အတွေ့အကြုံကတော့ ပြည့်ဝနေပါပြီ။အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်''ဟု အဲအဲက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly