ဆန်တင်ပို့မှု အဆင့်ကို ထိန်းထားနိုင်ရေး ထိုင်းနိုင်ငံက သိုလှောင်ဆန်များ ဖြည့်တင်းထား

ဆန်တင်ပို့မှု အဆင့်ကို ထိန်းထားနိုင်ရေး ထိုင်းနိုင်ငံက သိုလှောင်ဆန်များ ဖြည့်တင်းထား

ထိုင်းနိုင်ငံသည် ခြောက်သွေ့ရာသီကြောင့် ဆန်အထွက်နှုန်းကျမည်ကို ခုမိထေမိရန်အတွက် သိုလှောင်ဆန်များ ဖြည့်တင်းကာထားသည့်အတွက် လာမည့်နှစ်တွင် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့ရာ ထိုင်းနိုင်ငံ ၏ဆန်တင်ပို့မှုက တည်ငြိမ်နေဖွယ်ရာရှိသည်။

ပြည်ပသို့ ဆန်တင်ပို့မှုသည် ၂၀၁၅ အတွက် အစိုးရရည်မှန်းချက်ပြည့်မီကာ ဆန်ချိန် ဆယ်သန်းနီးပါးရှိမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး အပီရာဒီတန်ထရာပွန်က အောက်တိုဘာ ၂ ရက် အင်တာဗျူး တစ်ခုတွင် ပြောခဲ့သည်။ လာမည်နှစ်ကုန်အတွင်း ထိုင်းနိုင်ငံက အရန်သိုလှောင်ဆန် တန်ချိန် ၁၃ သန်းလုံးကို ရောင်းချရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ထိုင်းအလယ်ပိုင်း မြေပြန့်ဒေသရှိ စပါးစိုက်ခင်းများသည် ရေပြတ်လပ်မှုကြောင့် ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်း အနိမ့်ဆုံးအဖြစ် အထွက်နှုန်းကျဆင်းသော်လည်း ရောင်းချမှုအား ထိန်းထားနိုင်ပြီး ကမ္ဘာ့ဆန် ကုန်သွယ်မှု၏ လေးပုံတစ်ပုံကို တင်ပို့နိုင်ခြင်းဖြစ်သည်။ ကမ္ဘာ့ဆန်ထွက်ရှိမှုက ခြောက်နှစ်ကြာ ဝယ်လိုအားတက်နေသော်လည်း ၂၀၀၉-၁၀ နောက်ပိုင်းတွင် ပထမဆုံးအဖြစ် ကျဆင်းမည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနက ပြောသည်။

"လာမယ့်နှစ်မှာ ကောက်ပဲသီးနှံက ဒီနှစ်လို အထွက်လှိုင်မှာ မဟုတ်ဘူး။"ဟု အမျိုးသမီးဝန်ကြီးတစ်ဦးဖြစ်သည့် အပီရာဒီက ပြောခဲ့သည်။ သိုလှောင်ဆန်များက အစိုးရက ထုတ်ရောင်းမှာက ပြဿနာမဟုတ်ဘဲ ဈေးကွက်သို့ ဆန်သစ်များ ရောက်ရှိလာမှာဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဆန်ကြမ်းထွက်ရှိမှုသည် အစောပိုင်းနှစ်က တန်ချိန် ၃၂ ဒသမ ၆၂ သန်းမှ ၃၀ ရာခိုင်နှုန်းကျဆင်းကာ ၂၀၁၅-၁၆ တွင် ၁၉၉၆-၉၇ နောက်ပိုင်း အနိမ့်ဆုံးအဖြစ် တန်ချိန် ၂၂ ဒသမ ၉၈ သန်းသို့ အထွက်နှုန်းလျော့ကျထွက်ရှိဖွယ်ရှိကြောင်း ထိုင်းစိုက်ပျိုးစီးပွားရေးဌာနက စက်တင်ဘာလအတွင်းက ပြောထားသည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly