ဒေါ်အောင်ဆန်းစုကြည် တည်းဖြတ်ထားသည့် ဗိုလ်ချုပ်အထုပ္ပတ္တိစာအုပ် မကြာခင်ထုတ်ဝေရန် စီစဉ်နေ

ဒေါ်အောင်ဆန်းစုကြည် တည်းဖြတ်ထားသည့် ဗိုလ်ချုပ်အထုပ္ပတ္တိစာအုပ် မကြာခင်ထုတ်ဝေရန် စီစဉ်နေ
ပုံစာ- (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(မေလ ၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိ စာအုပ်မူကြမ်းကို ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တည်းဖြတ်မှု ပြီးစီးပြီဖြစ်သဖြင့် မကြာခင် ပုံနှိပ်ထုတ်ဝေရန် ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကနေပြီး လိုအပ်သလို တည်းဖြတ်ပြီး အခု ပြန်လည်ချပေးထားလို့ ဒါကို မကြာခင် ပုံနှိပ်ထုတ်ဝေနိုင်မဲ့ အခြေအနေရောက်အောင် လုပ်ဆောင်နေပါတယ်” ဟု မေလ ၂ ရက်က နေပြည်တော်ရှိ သတင်းထောက်များကို သူရဦးအောင်ကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း၏ အထုပ္ပတ္တိစာအုပ်ကို သမိုင်းအထောက်အထား ပြည့်ပြည့်စုံစုံဖြင့် သမိုင်းအဖွဲ့က တစ်နှစ်ခန့် အချိန်ယူပြီး ပြုစုရေးသားထားခြင်းဖြစ်သည်ဟု သူရဦးအောင်ကိုက ပြောသည်။

 ဗိုလ်ချုပ်အောင်ဆန်း၏ အထုပ္ပတ္တိ မူရင်းစာအုပ်ကို ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက် ၁၉၅၄ ခုနှစ် ခန့်ကတည်းက စတင်ရေးသားခဲ့သော်လည်း မပြီးပြတ်ခင် ၁၉၆၁၊ ၁၉၈၈၊ ၁၉၈၉ခုနှစ် စသည့် နိုင်ငံရေး အပြောင်းအလဲများတွင် ဆိုင်းငံ့ခံခဲ့ရပြီး လက်ရှိ NLD အစိုးရလက်ထက်ရောက်မှ ပြည်သူအချို့နှင့် သမိုင်းပညာရှင်များ၏ တောင်းဆိုမှုကြောင့် ပြည်လည်ရေးသားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထုပ္ပတ္တိစာအုပ် ရေးသားခြင်းအပြင် နှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်သည့် မြန်မာ့သမိုင်း အစစ်အမှန်ကို ပြန်လည်ရေးသား ပြုစုလျက်ရှိသည်ဟုလည်း ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“နှစ်ပေါင်း ထောင်ချီကာလကတည်းက ဂုဏ်သိက္ခာမြင့်မားထည်ဝါခဲ့တဲ့ မြန်မာ့သမိုင်းကြောင်းကို ပြန်လည် ဖော်ထုတ်နိုင်ဖို့အတွက် မြန်မာ့သမိုင်းအဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးတော့မှ ရှေ့မီ၊ နောက်မီ သမိုင်းပညာရှင် ဆရာကြီး၊ ဆရာမကြီးများကို လုံလောက်တဲ့ ထောက်ပံ့ကြေးပေးပြီးတော့ ခေတ်ကာလအလိုက် တာဝန်ခွဲပြီးတော့မှ သမိုင်း အစစ်အမှန်ကို ပြန်လည်ရေးသားတဲ့ လုပ်ငန်းကိုလည်း တစ်ဖက်က လုပ်ဆောင်လျက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required