အမျိုးသားတွေလည်း မျက်နှာအသားအရေကို ဂရုစိုက်ဖို့လိုပါတယ်

အမျိုးသားတွေလည်း မျက်နှာအသားအရေကို ဂရုစိုက်ဖို့လိုပါတယ်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


၂၁ ရာစုမှာ အလှအပရေးရာဆိုတာ မိန်းကလေးအတွက် သီးသန့်မဟုတ်တော့ပါဘူး။ ယောက်ျားလေးတွေအနေနဲ့လည်း ကိုယ့်အသားအရေ၊ ခန္ဓာကိုယ်အချိုးအစားကို ဂရုစိုက်ဖို့ လိုအပ်တဲ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုကိုလည်း မေ့ထားလို့ မရတော့ပါဘူး။ ဆပ်ပြာတစ်တုံး ရှိရုံနဲ့ မျက်နှာ၊ ကိုယ်၊ လက်၊ ခြေထောက်၊ ခေါင်း အကုန်ဆေးလို့ရတဲ့ ခေတ်ကို ကျော်လွန်သွားခဲ့ပါပြီလေ။

ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် သန့်စင်ရမယ်။ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ချေးချွတ်သန့်စင်ရမယ်။ အစိုဓာတ်ထိန်းပေးရမယ်။ ဖြူစင်နေဖို့ထက် ကိုယ့်အသားအရောင်နဲ့ကိုယ် ကြည့်ကောင်းနေရမယ်။ မျက်နှာမှာ အဆီတွေ ပြန်နေတာ၊ ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ ကွက်ပြီး မည်းနေတာ၊ နေလောင်နေတဲ့ အသားအရေမျိုးဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

အသားအရေ ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ မိန်းကလေးတွေလို အသေးစိတ်ကျစရာမလို၊ အချိန်အများကြီးပေးစရာမလိုပဲ ယောက်ျားပီသပြီး တည်ကြည်ခန့်ညားတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ရဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။
၁။ ကိုယ့်အသားအရေနဲ့ လိုက်တဲ့ မျက်နှာသန့်စင်ဆေးရည်ကို အသုံးပြုပါ။

သူများက ကောင်းတယ်ဆိုတိုင်း ကိုယ့်အသားအရေနဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ ကိုယ်က အဆီပြန်တဲ့သူလား၊ အသားအရေခြောက်သွေ့တတ်တဲ့သူလား၊ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်လား ဆိုတာ သိမှ ဝယ်ရတာ ပိုပြီး လွယ်ကူမယ့်အပြင် ထိရောက်မှု ပိုရှိစေနိုင်ပါတယ်။
၂။ မျက်နှာကို တစ်နေ့ တစ်ကြိမ် အနည်းဆုံးသစ်ပါ။

မကြာခဏ မျက်နှာသစ်ခြင်းဟာ အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားတဲ့အပြင် အသားအရေကို ခြောက်သွေ့သွားစေနိုင်တဲ့အတွက် မလုပ်သင့်ပါဘူး။ အကောင်းဆုံးကတော့ မနက်အိပ်ရာထတဲ့အချိန် တစ်ခါ၊ ညအိပ်ခါနီး တစ်ခါ မျက်နှာသန့်စင်ဆေးရည်ကို အသုံးပြုပြီး မျက်နှာကို သေချာဆေးကြောသန့်စင်ပါ။
၃။ အိပ်ခါနီး မျက်နှာကို တစ်ခုခုလိမ်းတာမျိဳး မလုပ်သင့်ပါဘူး။

အပြင်ထွက်ခါနီးမှာ နေလောင်ကာခရင်မ်လိမ်းရတာတော့ အဆင်ပြေစေမယ့် ညအိပ်ခါနီး မျက်နှာသစ်ပြီး လိမ်းတာကတော့ အသားအရေကို ပျက်စီးစေတဲ့အပြင် အရောင်မှိန်သွားစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးရင် သေချာခြောက်အောင် သုတ်ပြီး ဒီအတိုင်း အိပ်ပါ။
၄။ အသားအရေကို ပုံမှန် ချေးချွတ်သန့်စင်ပေးပါ။

တစ်ရက်ခြား တစ်ကြိမ်ဖြစ်စေ၊ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ဖြစ်စေ မျက်နှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ချေးချွတ်သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ချေးချွတ်တဲ့ Scrub တွေကို မျက်နှာပေါ် ဖြည်းညှင်းစွာ ပွတ်ပေးပြီးရင် ရေနဲ့ ပြောင်စင်အောင် ဆေးချလိုက်ပါ။
၅။ အစိုဓာတ်ထိန်းဖို့ သတိရပါ။

ကျန်းမာစိုပြေတဲ့ အသားအရေပိုင်ဆိုင်ရဖို့ ရေဓာတ်ခမ်းခြောက်မနေစေဖို့၊ အစိုဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေကို အနည်းဆုံး ဖန်ခွက် ၈ခွက် သောက်ပေးသင့်တဲ့အပြင် အစိုဓာတ်ထိန်းခရင်မ်၊ အဆီကို လိမ်းပေးခြင်းဖြင့် အသားအရေကို နုပျိုသန့်စင်အောင် ထိန်းပေးနိုင်ပါတယ်။
၆။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် လိမ်းပါ။

နေရောင်ခြည်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ SPF 30 အနည်းဆုံးပါဝင်တဲ့ နေလောင်ကာ လိမ်းဆေး၊ ခရင်မ်တွေကို မျက်နှာအနှံ့ လိမ်းပေးပါ။ အောက်ကနေ အစိုဓာတ်ထိန်းခရင်မ် တစ်ထပ် ခံပြီးမှ လိမ်းရင်လည်း အဆင်ပြေပါတယ်။
၇။ ဆောင်းရာသီမှာ ရေနွေးနဲ့ မျက်နှာသစ်ပါ။

ရာသီဥတုအေးလို့ မျက်နှာမသစ်ပဲ နေမယ့်အစား ရေနွေးနွေးလေးနဲ့ မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။ ရာသီဥတုသိပ်မအေးတဲ့အချိန်မှာ ရေအေး သို့မဟုတ် ရေကျက်နွေးနဲ့ မျက်နှာသန့်စင်ပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly